မိုးနဲမြို့နယ်၌ ငှက်ပျောသီးစိုက်ပျိုးရောင်းချသူများ အဆင်ပြေ

မိုးနဲ ဧပြီ ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ငှက်ပျောသီးများ စျေးကောင်းရရှိနေသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ငှက်ပျောပင်သည် နှစ်ရှည်သီးနှံဖြစ်သည့်အတွက် ပိုမိုတွက်ခြေကိုက်ကြောင်း၊ အပင်ပေါက်တစ်ပင်စိုက်ပျိုးလျှင် ၁ နှစ်အတွင်း ၆ ပင်ခန့် ထပ်မံတိုးပွားလာကြောင်း၊ မိမိယာခင်းအတွင်း ငှက်ပျောပင် ၁၀ ပင်ခန့် စိုက်ပျိုးထားရာ ယခုအချိန်တွင် အပင် ၁၀၀ ခန့်တိုးပွားလျက်ရှိကြောင်း၊ ယခုကာလတွင် စိုက်ပျိုးတောင်သူများအနေဖြင့် သခွားသီး၊ သခွားမွှေး၊ ငရုပ်၊ ခရမ်းချဥ်၊ ခရမ်းညိုသီး၊ ဂေါ်ဖီထုပ်၊ မုန်လာပွင့်၊ ပဲတောင့်ရှည်များကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ပဲပုပ်စိုက်ခင်းများကို အများအပြား စီးပွားဖြစ်စိုက်ပျိုးထားကြကြောင်း၊ ဖီးကြမ်း၊ ရခိုင်၊ ငှက်ပျောချဥ်အစရှိသည့် ငှက်ပျောမျိုးများစိုက်ပျိုးထားပြီး အသီးခုတ်ယူပြီးသော အပင်ကို မြေဆွေးနှင့် မြေသြဇာရရှိရေး ပြန်လည်အသုံးပြုနိုင်ကြောင်းနှင့် ဖီးကြမ်း တစ်ဖီးလျှင် ကျပ် ၁၅၀၀၊ ရခိုင်တစ်ဖီးလျှင် ကျပ် ၇၀၀၊ ငှက်ပျောချဥ်တစ်ဖီးလျှင် ကျပ် ၁၀၀၀ ထိ ပေါက်စျေးရှိနေသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)