မော်လမြိုင် ဧပြီ ၃
မွန်ပြည်နယ် မီးသတ်ဦးစီးဌာန၏ Command and Control Center – C3 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်မီးသတ်ဦးစီးဌာန၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်တို့က ပြည်နယ်မီးသတ်ဦးစီးဌာန၏ Command and Control Center – C3 အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် Command and Control Center ခန်းမတွင် Command and Control Center – C3 လုပ်ငန်းများအား တာဝန်ယူဆောင်ရွက်ခဲ့သည့် ကုမ္ပဏီ၊ တာဝန်ခံအင်ဂျင်နီယာမှ မီးဘေးအန္တရာယ်နှင့် အခြားဘေးအန္တရာယ်အမျိုးမျိုးအား Command and Control Center မှထိန်းချုပ်၊ စောင့်ကြည့်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားရာတွင် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ပြည်နယ်အတွင်း ဖြစ်ပေါ်လာမည့် ဘေးအန္တရာယ်အမျိုးမျိုးအား ရင်ဆိုင်ဖြေရှင်းနိုင်ရန် Men power၊ Equipment power၊ Technological power များတည်ဆောက်ရာတွင် လိုအပ်သည်များအား ပံ့ပိုး ဆောင်ရွက်ပေးလျှက်ရှိပါကြောင်း၊ ယခု Command and Control Center တည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် ဘေးအန္တရာယ်ကျရောက်သည့် နေရာတစ်ဝိုက်ရှိ မြေပြင်အခြေအနေအား အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ပြီး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ရှိ တာဝန်ရှိသူများအနေဖြင့်လည်း ပြည်သူ့များ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့အား ယခုကဲ့သို့ ခေတ်မီနည်းပညာပစ္စည်းများဖြင့် ထိရောက်စွာ ပိုမိုစွမ်းဆောင်ရည်ပြည့်ဝစွာ ကာကွယ်စောင့်ရှောက်ပေးကြရန်နှင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို စဥ်ဆက်မပြတ် ကြိုးစားထမ်းဆောင်ကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများမှ ပြည်နယ်မီးသတ်ဦးစီးဌာန၏ Command and Control Center – C3 တွင် လုပ်ငန်းစွမ်းဆောင်ရည်မှုဆိုင်ရာ အချက်အလက်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)