မိတ္ထီလာ ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက နန်းတော်ကုန်းရပ်ကွက် မိတ္ထီလာကန် ကန်ပတ်လမ်းအနီးတွင် စတင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။
“နန်းတော်ကုန်းရပ်ကွက် ဆည်မြောင်းရှင်းလင်းဆောင်ဝန်းထဲမှာ ဗဟိုမဏ္ဍပ်ကို ဆောက်လုပ်နေတာဖြစ်ပြီး မိတ္ထီလာကန်ပတ်လမ်းဘက်ကို မျက်နှာမူဆောက်လုပ်တာပါ။ လမ်းလျှောက်သင်္ကြန်ကတော့ ဗဟိုမဏ္ဍပ်နဲ့ မျက်နှာချင်းဆိုင်နေရာဖြစ်တဲ့ သပြေဘူတာပင်တန်းရှိတဲ့ ပြည်သူအပန်းဖြေနေရာမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီနှစ် သင်္ကြန်ယိမ်းအကပြိုင်ပွဲ ထည့်သွင်းကျင်းပခြင်းမရှိပေမယ့် နေ့စဉ်ရပ်ကွက်များ၊ ကျေးရွာအုပ်စုများအလိုက် ယိမ်းအကအဖွဲ့တွေ ကပြဖျော်ဖြေသွားမှာဖြစ်သလို တေးသီချင်းများနဲ့ သီဆိုဖျော်ဖြေခြင်း အစီအစဉ်လည်း ပါဝင်ပါတယ်။ ဧည်ခံဖျော်ဖြေမယ့်သင်္ကြန်ယိမ်းအကအဖွဲ့တွေကို ဂုဏ်ပြုဆုများ ချီးမြှင့်သွားမှာဖြစ်ပြီး သင်္ကြန်ပွဲတော်ရက်ကာလအတွင်း စတုဒိတာကျွေးမွေးဧည့်ခံခြင်းတွေလည်း ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု အဆိုပါ မဟာသင်္ကြန်ပွဲတော် သတင်းထုတ်ပြန်ရေးနှင့် ပြန်ကြားရေးဆပ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်နှစ်များတွင် မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ကို မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းမအနီး အ-ထ-က(၁) လမ်းဆုံတွင် ဆောက်လုပ်ခဲ့သော်လည်း မဟာသင်္ကြန်ပွဲတော် ပါဝင်ဆင်နွှဲမည့်သူများ ယာဉ်လမ်းအန္တရာယ်ကင်းရှင်းစေရေး၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေးနှင့် မဟာသင်္ကြန်ပွဲတော်အား လွတ်လပ်ပျော်ရွှင် အေးချမ်းစွာပါဝင်ဆင်နွှဲနိုင်စေရေး ရည်ရွယ်ချက်များဖြင့် နန်းတော်ကုန်းရပ်ကွက် ကန်ပတ်လမ်းအနီး ဆည်မြောင်း ရှင်းလင်းဆောင်ဝန်းအတွင်းနေရာတွင် ပြောင်းလဲဆောက်လုပ်ခြင်းဖြစ်ကြောင်းသိရသည်။
ချမ်းသာ