မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Computer Knowledge&Painting သင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းဆင်းပွဲ ကျင်းပ

မချမ်းဘော ဧပြီ ၁

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြိုတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော Computer Knowledge & Painting သင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်း သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်နီနီလွင်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် "သားတို့သမီးတို့အနေနဲ့ သင်တန်းဆင်းပြီဆိုပေမယ့် သင်ယူခဲ့ကြတဲ့ပညာရပ်တွေကို အစဥ်လေ့ကျင့်သင်ယူနေဖို့လိုအပ်ကြောင်းနှင့် မိမိတို့ကျောင်းပညာရေးအတွက် အထောက်အကူပြုမည့် စာပေများ၊ ဗဟုသုတဖြစ်စေမည့် စာပေများကို စဥ်ဆက်မပြတ်ဖတ်ရှုလေ့လာနေကြဖို့ လိုအပ်ကြောင်း "ထည့်သွင်းပြောကြားခဲ့သည်။ ဆက်လက်၍ AAMON Computer Training Center မှ ဒေါ်အေးမွန်ကလည်း သင်တန်းပြီးဆုံးသွားသော်လည်း ကွန်ပျူတာပညာရပ်သည် အစဥ်လေ့လာသင်ယူနေရမည့်ပညာရပ်ဖြစ်ကြောင်း သင်ယူလေ့လာရန်လိုအပ်ချက်ရှိသူများ အနေဖြင့်လည်း အချိန်မရွေးလာရောက် အကူအညီ တောင်းခံနိုင်ကြောင်းတို့ကို ပြောကြားခဲ့သည်။ ထို့နောက် ဦးစီးအရာရှိနှင့် Computer သင်တန်းဆရာမတို့က Computer patining သင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းတွင် ထူးချွန်သူများနှင့် စည်းကမ်းလိုက်နာသူ သင်တန်းသားများကို အမှတ်တရ ဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

မချမ်းဘောမြို့လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများ စာဖတ်ဝိုင်းများ၊ ပြပွဲ ပြိုင်ပွဲများ ကို စဥ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ယောရွှေနီ (မချမ်းဘော)