စဉ့်ကိုင်မြို့နယ်တွင် အသက် (၆၀) နှစ်အထက် သက်ကြီးဘိုးဘွားများနှင့်နာမကျန်းသူများအား အိမ်တိုင်ရာရောက်ကြိုတင် ဆန္ဒမဲပေးခြင်းများဆောင်ရွက်

စဉ့်ကိုင်၊  နိုဝင်ဘာ  ၅

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက် (၆၀) နှစ်အထက် သက်ကြီးရွယ် အိုများနှင့် နာမကျန်းဖြစ်နေသူများ အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကြိုတင် ဆန္ဒမဲ လာရောက်မပေးနိုင်သူများထံ သွားရောက်၍ ကြိုတင်ဆန္ဒမဲများ အိမ်တိုင်ရာရောက်ကောက်ခံခြင်းများ ကို ယနေ့နံနက် (၉) နာရီက ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

အဆိုပါ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများကောက်ခံရာတွင် သက်ဆိုင်ရာ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ မဲရုံအဖွဲ့ဝင်များ၊ မဲရုံစောင့်ကြည့်ရေး အဖွဲ့ဝင်များပါဝင်သော အဖွဲ့များ က မဲရုံသို့ လာရောက် ဆန္ဒမဲပေးရန် အခက်အခဲရှိသည့် အသက် (၆၀)  နှစ်အထက် သက်ကြီးဘိုးဘွားမဲဆန္ဒရှင်  များအား အိမ်တိုင်ရာရောက် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် အသက် (၆၀) နှစ် အထက် အသက်ကြီး ဘိုးဘွား  မဲဆန္ဒရှင်  (၁၈ ၂၄၇) ဦး   ရှိပြီး  မဲဆန္ဒနယ်မြေအမှတ်(၁) နှင့်မဲဆန္ဒနယ်မြေအမှတ်(၂)တွင်ရပ်ကွက်/ကျေးရွာ အုပ်စု (၅၃) အုပ်စုရှိရာ မဲရုံးပေါင်း (၁၄၂)ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၁၈၄၁၈)ဦး ရှမ်းတိုင်းရင်းသား (၃၁) ရုံ ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ  ကော်မရှင် အတွင်းရေးမှူးဦးအောင်ဆန်းဦးထံမှ သိရသည်။ မဲရုံများသို့ကိုယ်တိုင် လာရောက်ပြီးမဲ မပေးနိုင်သည့်  သက်ကြီးအဘိုးအဘွားများ၊ နာမကျန်းဖြစ်သူများစသည့်မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးနှင့် အညီ လုံခြုံဘေးကင်းစွာ ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေးများ  ရရှိရန် ကြိုတင်ဆန္ဒမဲကောက်ခံခြင်းကို  အိမ်တိုင်ရာရောက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

 

ညိုညိုဝင်း(စဉ့်ကိုင် ပြန်/ဆက်)