ဒဂုံအရှေ့ ဧပြီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီ (အခမဲ့) အားကစားသင်တန်းတစ်ခုဖြစ်သည့် Aerobic & Fitness Dance သင်တန်းဆင်းပွဲ အခမ်းအနားကို အမှတ် (၁၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဆွေအေးက အားကစားနှင့်ပတ်သက်သောအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ Aerobic & Fitness Dance သင်တန်းဆရာ၊ ဆရာမများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး အမှတ် (၂) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးချစ်ဇော်က သင်တန်းဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုငွေများ ပြန်လည်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဆွေအေးက အားကစားပစ္စည်းများအားလှူဒါန်းခဲ့ပြီး အမှတ် (၂) အခြေခံပညာ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးချစ်ဇော်က လက်ခံရယူခဲ့သည်။ အားကစားနှင့်ကာပညာဦးစီးဌာနမှ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် နွေရာသီအခမဲ့ အားကစားသင်တန်းများဖြစ်သော အမျိုးသား အခြေခံဘောလုံးသင်တန်း၊ ပြေးခုန်ပစ်၊ Aerobic & Fitness Dance၊ ဖူဆယ်အားကစားနည်းများကို မတ်လ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ဇွဲမင်းထက်(ပြန်/ဆက်)