မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

မိုင်းစံ ဧပြီ ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ (၁) နာရီအချိန်က စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို  ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်‌လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများနှင့် စာအုပ်စာစောင်ပြပွဲများ ဆောင်ရွက်ပေးရခြင်း   ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဥမ္မာထွေးက "ကလေးနီတိရုပ်စုံ အမှတ် (၁)" စာအုပ်မှ စာရေးဆရာ "မောင်ရွှန်းသစ်" ရေးသားထားသည့် "ဇွဲ လုံ့လဝီရိယထက်သန်သော မဟာဇနကမင်းသား" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးပြီး   Grade-5 မှ မသင်းရနံ့လှိုင်က ကာတွန်းမောင်မာင်အောင်၏ "သူ့ကျေးဇူး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-6မှ မမေသဇင်ကျော်က "သီလငါးဖြာ စောင့်ထိန်းပါ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-5 မှ မောင်‌အောင်သက်မောင်က "၃၈ ဖြာမင်္ဂလာဆိုတာ"  ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသူများက အသိပညာဗဟုသုတများကိုအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်များကို စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် ကျောင်းသားလူငယ်များက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှု့ခဲ့ကြကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)