လယ်ဝေး ဧပြီ ၃
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က အမှာစကားပြောကြားရာတွင် သင်တန်းကို အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင်မသင်ကြားခဲ့ရသူများ၊ ကျောင်းမနေခဲ့ရသူများ၊ လူဦးရေနှင့် သန်းခေါင်စာရင်းအရ စာမတတ်သူ ကျေးလက်ဒေသနေပြည်သူများနှင့် အစွန်အဖျားဒေသရှိ ပြည်သူများအားလုံး စာတတ်မြောက်ရေး၊ တိုင်းရင်းသားပြည်သူများ နိုင်ငံသားများ၏ လူမှုဘဝမြင့်မားရေးအတွက် အခြေခံစာတတ်မြောက်ရန်နှင့် တာဝန်သိနိုင်ငံသားကောင်းဆိုင်ရာ အခြေခံအသိပညာ ပေးလုပ်ငန်းများကို ဆောင်ရွက်ရန်စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး ရပ်ရွာလူမှုအခြေပြု၊ လုပ်ငန်းခွင်အခြေပြု၊ မိသားစုအခြေပြုပုံစံ စာသင်ဝိုင်းများဖြင့် အခြေခံ စာတတ်မြောက် ရေးလုပ်ငန်းများ ဆောင်ရွက်မည့် သင်ကြားရေးဆရာဆရာမများပြည့်စုံရေး၊ သင်တန်းသားသင်တန်းသူများ ပြည့်မီရေးနှင့် သင်ကြားချိန်အပြည့်အဝရရှိရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးဦးအောင်လွင်က စာသင်ဝိုင်းများ ဖွင့်လှစ်မည့်နေရာများနှင့် ဆရာဆရာမများအား တာဝန်ပေးအပ်ထားသည့်အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၆၇ အုပ်စုမှ အုပ်စုအုပ်ချုပ်ရေးမှူးများက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများ ဖွင့်လှစ်ရာတွင် သင်ကြားပေးမည့် ဆရာ ဆရာမများအတွက် ဆောင်ရွက်ထားရှိမှုများနှင့် စာသင်ဝိုင်းများတွင် တက်ရောက်မည့်စာသင်သားများ စိတ်ပါဝင်စားမှုရှိစေရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများအား တင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းတွင် လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက် ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၀ တို့၌ စာသင်ဝိုင်း ၆၂ ဝိုင်း၊ ကြီးကြပ်သူ ၆ ဦး၊ နည်းပြ ၆၂ ဦးနှင့် စာသင်သား ၉၈၉ ဦးတို့ဖြင့်ဧပြီ ၆ ရက်မှ မေ ၁၆ရက်အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)