ပျဉ်းမနားမြို့နယ်၌ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများဆောင်ရွက်

ပျဉ်းမနား ဧပြီ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ လဲလူးအိုင်ကျေးရွာ၌ ယနေ့နံနက် ၉ နာရီခွဲက မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာထွေးကိုကိုက ကျွဲနွားကောင်ရေစာရင်း တိကျမှန်ကန်မှုရှိစေရန်၊ ကျွဲနွားမွေးမြူရေးဖွံ့ဖြိုး တိုးတက်လာစေရန်၊ ကျွဲနွားများ၏ ကျန်းမာရေးဖွံ့ဖြိုးတိုးတက်စေရေး၊ ကျွဲနွားပိုင်ဆိုင်မှုခိုင်မာစေရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့သည်။ ယင်းနောက် ခရိုင်ဦးစီးမှူး ဒေါက်တာဇော်ဝင်းထွန်းက ဘဲမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးဒီပလိုမာနှင့် စိုက်ပျိုး၊ မွေးမြူရေးကျောင်းများ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ ဒေါက်တာလှိုင်ဝင်းနှင့် ဒေါက်တာသန့်ဇော်တို့က တိရစ္ဆာန်ရောဂါကာကွယ်ရေး၊ ကျွဲနွားများ ခွာနာလျှာနာရောဂါ ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများအကြောင်းနှင့် ခွေးရူးပြန်ရောဂါအကြောင်း ရှင်းလင်းဟော ပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသည့် ကျေးရွာနေပြည်သူများအား မွေးမြူရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပြီး ကျေးရွာအတွင်းရှိ နွား ၃၀ ကောင်၊ ဆိတ် ၃၅ ကောင်နှင့် ဝက် ၅ ကောင်  တို့အား လိုအပ်သော ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ၊ မွေးမြူရေး အသိပညာပေး လုပ်ငန်းများ၊ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ နွားမျိုးကောင်းမျိုးသန့်များ မွေးမြူနိုင်ရေးအတွက် နွားများအား မိရိုးဖလာသားစပ်နည်းအစား မေထုန်မဲ့သားစပ်နည်းဖြင့် ဆောင်ရွက်နေသည့်လုပ်များအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မျိုးသီဟ(ပျဉ်းမနား)