သန်လျင်မြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်စည်ကားစွာ ကျင်းပမည်

ရန်ကုန် ဧပြီ ၃

သန်လျင်ခရိုင် သန်လျင်မြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြိုနယ်မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်က မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်၍ မိမိတို့ကော်မတီအလိုက် စနစ်တကျဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများက မဟာသင်္ကြန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်ပြီးစီးမှုအား ရှင်းလင်းတင်ပြကြသည်။

သန်လျင်မြို့နယ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ရပ်ကွက်ကျေးရွာများမှ ယိမ်းပြိုင်ပွဲ၊ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက်မှု၊ ဌာနဆိုင်ရာ ရပ်ကွက်ကျေးရွာများမှ စတုဒိသာကျွေးမွေးလှူဒါန်းပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)