စစ်တွေ ဧပြီ ၃
ရခိုင်ပြည်နယ်၏ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ MSME Agency အဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် MSME Agency နာယက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုအစည်းအဝေးသည် ရခိုင်ပြည်နယ်အတွင်း MSME လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့်အခြေအနေနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲနှင့်ဆောင်ရွက်ခဲ့သည့် MSME လုပ်ငန်းညှိနှိုင်းအစည်းအဝေးများတွင် လမ်းညွှန်မှာကြား ချက်များကို ရှင်းလင်းဆွေးနွေးရန်ဖြစ်ကြောင်း၊ MSME နှင့် ပတ်သက်၍ ထုတ်လုပ်မှု အားကောင်းသော လုပ်ငန်းများကို စိစစ်ပြီး လုပ်ငန်းစီမံကိန်းကို ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မိမိတို့ ပြည်နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ပြည်နယ်ဖြစ်သည့်အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အဓိက ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် အသားတင် အမြတ်ရရှိခြင်းထက် ထုတ်လုပ်မှုအဆင့်ဆင့် တိုးမြှင့်သွားသည့် အတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုတိုးတက်လာကာ ထုတ်ကုန်၏ တန်ဖိုးသည် မူလတန်ဖိုးထက် မြင့်တက်သွားသောကြောင့် ဝင်ငွေပမာဏများလာမည်ဖြစ်ကြောင်း၊ ထို့ပြင် ဈေးကွက်တွင်း ရောင်းဝယ်မှုတန်ဖိုး တိုးလာမည်ဖြစ်ပြီး တိုင်းပြည်၏ ထုတ်ကုန်တန်ဖိုး(GDP) တိုးတက်လာစေမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဆန်စပါး အဆင့်မြှင့်တင်ထုတ်လုပ်ရေး၊ ရေထွက်ကုန်ပစ္စည်းများ တိုးချဲ့ထုတ်လုပ်ရေး၊ ရိုးရာရက်ကန်းလုပ်ငန်းများ အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဦးစားပေး ထုတ်ကုန်များ ထုတ်လုပ်သည့်ကဏ္ဍများတွင်လည်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေ ရေး အစီအစဉ်များနှင့် MSME ချေးငွေများကို ဦးစားပေးပံ့ပိုးပေးရေး အစီအစဉ်များကို ရေးဆွဲဆောင်ရွက်သင့် ကြောင်း၊ လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း အစည်းအဝေးတက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနများက ရှင်းလင်းတင်ပြပေးကြရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်များတွင် ဆန်စပါး ထွက်ရှိမှုသည်ယခင်နှစ်ထက် တိုးတက် ကောင်းမွန်သည်ကိုတွေ့ရကြောင်း၊ လာမည့်နှစ်များတွင်လည်း ယခင်နှစ်များထက် ပိုမိုတိုးတက်ထွက်ရှိ နိုင်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ အစီအမံဖြင့် မိုခါမုန်တိုင်းအလွန် ပြန်လည်ထူထောင်ရေးကာလအတွင်း မျိုးစပါးပံ့ပိုးမှု၊ စိုက်နည်းစနစ် ပြောင်းလဲမှုတို့ကြောင့်လည်းကောင်း၊ ဆန်စပါး လုပ်ငန်းရှင်များအသင်း၊ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် အခြားသော လုပ်ငန်းရှင်များ၏ မိမိတို့ နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကြောင့်လည်းကောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်ကြီးများအသင်းမှ ပံ့ပိုးခဲ့ သည့် မျိုးကောင်းမျိုးသန့်နှင့် ဓာတ်မြေဩဇာ ရရှိမှုအခြေအနေများကြောင့် ဆန်စပါး အထွက်နှုန်း တိုးတက်ပြီး ဖွံ့ဖြိုးတိုးတက်မှုရှိခဲ့ကြောင်း၊ အလားတူ MSME လုပ်ငန်းများတွင်လည်း ချိတ်ဆက်ပြီး ဆောင်ရွက်ကြစေလို ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း MSME ပြခန်းများတွင် သွားရောက်ပြသကာ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပြီး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်စေလိုကြောင်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများအနေဖြင့်လည်း MSME လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်လုပ်ဆောင်ပေးကြစေလိုကြောင်း၊ လုပ်ငန်းရှင်များကလည်း မိမိတို့ လုပ်ငန်းအတွက်အကျိုးရှိအောင် ပြည်နယ်အတွက်လည်း အကျိုးရှိအောင် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ရခိုင်ပြည်နယ်သည် စိုက်ပျိုး မွေးမြူရေးနှင့် ရေလုပ်ငန်းကို အခြေခံသည့် ပြည်နယ်တစ်ခုဖြစ်သည့် အားလျော်စွာ စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍရှိ MSME ထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး အဖက်ဖက်မှပံ့ပိုးပေးခြင်း၊ အလားအလာရှိသော သို့မဟုတ် ထုတ်လုပ်မှုစွမ်းရည်မြင့်သော ထုတ်ကုန်များကို လေ့လာဖော်ထုတ်ခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကုန်ပစ္စည်းများ၏ ထုတ်လုပ်မှုကိုမြှင့်တင်ခြင်းဖြင့် ဒေသနေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းနှင့် ပြည်နယ် အတွင်းရှိ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အေဂျင်စီတွင်ပါဝင်သောဌာန ဆိုင်ရာများ၊ သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များက မိမိတို့ဆောင်ရွက်ရမည့်ကဏ္ဍ၊ ပါဝင်ပံ့ပိုး ကူညီပေးရမည့်လုပ်ငန်း များကို အတူတကွဝိုင်းဝန်းပူးပေါင်းဆောင် ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် MSME Agency ဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများက ရခိုင်ပြည်နယ် အတွင်း MSME လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရခိုင်ပြည်နယ်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)