ရွှေကူမြို့၌ အကြိမ်(၅၀)မြောက် အစိုးရပါဠိပထမပြန် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ရွှေကူ ဧပြီ ၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ‌ရွှေကူမြို့၌ အကြိမ်(၅၀)မြောက် အစိုးရပါဠိပထမပြန် စူဠဘွဲ့နှင်း သဘင်အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီခန့်က သာသနာ့ဗိမ္ဗာန်တော်အတွင်း၌ ကျင်းပခဲ့ရာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်အမှူးပြုသော ဆရာတော် သံဃာတော်များ၊ စာအောင်သံဃာ များနှင့် သီလရှင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့ပေါ်ရပ်ကွက်မှ ဝတ်ရွတ်အသင်းများ တက်ရောက်ခဲ့ကြသည်။

ပထမဦးစွာ အကြိမ်(၅၀)မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲများတွင် သာသနာ့ဓမ္မာစရိယအောင် သံဃာ(၄)ပါး၊ ဓမ္မာစရိယ (၂) ကျမ်းအောင် သံဃာ(၆)ပါး၊ ဓမ္မာစရိယ(၁) ကျမ်းအောင် သံဃာ(၅)ပါး၊ ဓမ္မာစရိယ (၁) ကျမ်းအောင် သီလရှင်(၁)ပါး၊ ပထမကြီးအောင်သံဃာ (၄)ပါး၊ ပထမကြီးအောင် သီလရှင် (၁)ပါး၊ ပထမလတ်အောင် သံဃာ (၆)ပါး၊ ပထမငယ်အောင် သံဃာ၊ သီလရှင်  (၃၀)ပါး၊ အခြေပြုမူလတန်းအောင် သံဃာ၊သီလရှင် (၃၄)ပါး၊ စုစုပေါင်းစာအောင် သံဃာ၊ သီလရှင် (၉၁) ပါးတို့

အား အောင်လက်မှတ်နှင့် စာအောင်ဆုငွေများ ဆက်ကပ်ခဲ့ကြပြီး စေတနာရှင်အလှူရှင် ဒါယိကာ၊ ဒါယိကာမများက မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ အတွက်အလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ပြီး မြို့နယ်သံဃ နာယကဥက္ကဋ္ဌ ဝါဆိုကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီးနောက် သုံးဆယ့်တစ်ဘုံရှိ ဝေနေယျပုဂ္ဂိုလ်တို့အား ရေစက်သွန်းချအမျှပေးဝေကာ  ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)