နမ့်စန်မြို့နယ်တွင် ၂၀၂၃ ခုနှစ် ပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်ခဲ့သည့် စာအောင်သံဃာတော်များကို ဂုဏ်ပြုပူဇော်

နမ့်စန်() ဧပြီ-၃

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့သည့် ၂၀၂၃ခုနှစ် ပါဠိပထမပြန်စာမေးပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်မှ ဖြေဆို အောင်မြင်ခဲ့သည့် စာအောင်သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အမှတ် (၃) ရပ်ကွက်၊ မြို့မဝိသုဒ္ဓိကျောင်းတိုက်ဓမ္မာရုံအတွင်းတွင် ကျင်းပခဲ့သည်။

ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ဆရာတော်အရှင်သူမြတ်များ၊ စာအောင်သံဃာတော်များနှင့် တက်ရောက်လာသည့်တာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်သံဃနာယကအကျိုးတော်ဆောင် သာသနဓဇ ဓမ္မာစရိယ သုခိတာရုံကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော်ထံမှ ငါ့းပါးသီလခံယူ ဆောက်တည်ကာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ မြို့ဦးသီရိမင်္ဂလာကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော်ထံမှ ဩဝါဒကထာများ နာယူခဲ့ကြသည်။

ထို့နောက် နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးမျိုးနိုင်ဦး ၊ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သာသနာရေးဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်သံဃာတော်များကို နဝကမ္မ အလှူငွေများဆက်ကပ်လှူဒါန်းခြင်း၊ စာချဆရာတော်များအား ဂုဏ်ပြုမှတ်တမ်းနှင့်ဂုဏ်ပြု ပူဇော်ငွေများ ဆက်ကပ်လှူဒါန်းခြင်း၊ ပါဠိပထမပြန်စာမေးပွဲတွင် အကြီးတန်းနှင့် အခြေပြု မူလတန်းအောင် ရဟန်းသာမဏေ (၈) ပါးအား ဂုဏ်ပြုမှတ်တမ်း၊ အောင်လက်မှတ်နှင့် ဂုဏ်ပြုပူဇော်ငွေများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို အသီးသီးဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ သံဃသမုတိရ ရန်အောင်မင်္ဂလာကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ဆရာတော်ကြီးက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချတရားတော်များ ချီးမြှင့်ခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများက ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်းသိရသည်။

သူရအောင်(နမ့်စန်)