ပုဗ္ဗသီရိ ဧပြီ ၃
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေးဌာနမှ ကြီးမှူးဖွင့်လှစ်သော မြို့နယ်အဆင့် နွေရာသီကင်းထောက်လူငယ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်စန်းစန်းအေးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များအား ပြောကြားရာတွင် စာရိတ္တကောင်းမွန်စေရန်၊ အတွေးအခေါ်၊ အလေ့အကျင့်၊ အပြုအမူ၊ တည်ကြည်ဖြောင့်မတ်သော နိုင်ငံ့သားကောင်းများဖြစ်လာစေရန်၊ ကိုယ်ကျိုးမဖက် တိုင်းပြည်နှင့်လူမျိုးအတွက် ကာကွယ်စောင့်ရှောက်တတ်စေရန် ရှင်းလင်းပြောကြားခဲ့သည်။
အခမ်းအနားသို့ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်ကျော်၊ အဖွဲ့ဝင်(၂) ဦးသန်းငွေ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ (၅၀)ဦး၊ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့်နွေရာသီကင်းထောက်လူငယ်သင်တန်းကို ဧပြီလ (၃)ရက်နေ့မှ (၇)ရက်နေ့ထိ နည်းပြ(၅)ဦးဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းသန်းနွယ်(ပုဗ္ဗ)