ကျောက်ပန်းတောင်း ဧပြီ ၃
၂၀၂၄-၂၀၂၅ခုနှစ်၊ ဆီထွက်သီးနှံ အထူးဇုံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက်ရှိ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ဆီထွက်သီးနှံ အထူး ဇုံ(၂)တာဝန်ခံ ဦးဇော်ဝင်းထွန်းက ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ) အထူးဇုံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက်၊ သီးနှံစိုက်ပျိုးရေး နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးရေး၊ မျိုးပြောင်းလဲစိုက်ပျိုးရေး၊ သွင်းအားစုများ အချိုးကျ သုံးစွဲ နည်းစနစ်များ၊ ရေလိုအပ်ချက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးနှင့် အစုအဖွဲ့များ ဖွဲ့စည်းပြီး လုပ်ငန်းများ အောင်မြင်အောင် ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေးတို့အတွက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း ဦးစွာ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်က ခရိုင်အတွင်း ဆီထွက်သီးနှံ စီမံကိန်း ရည်မှန်းချက် ပြည်မီအောင် စိုက်ပျိုးသွားနိုင်ရေး အတွက် နည်းပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ ဒေါ်သက်သက်ထွန်း၊ မျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသွင်နှင့် သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်သင်းသင်းထက်တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် တောင်သူများ လိုက်နာဆောင်ရွက် သင့်သည်များကို ရှင်းလင်းဆွေးနွေးကြပြီး စိုက်ပျိုးရေး ပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။ ယင်းနောက် မိတ်ဖက်ဌာနများဖြစ်သည့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် ပေါင်းစပ်ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးကြပြီး၊ ညောင်ဦးခရိုင် မြေအသုံးချရေး တာဝန်ခံ၊ မျိုးစေ့တာဝန်ခံနှင့် သီးနှံ ကာကွယ်ရေး တာဝန်ခံတို့က မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် မြိုနယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်က ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူးက နိဂုံးချုပ် အမှာစကား ပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၊ မိတ်ဖက်ဌာနများဖြစ်သည့်၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာ ဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများ၊ ဆီထွက်သီးနှံ စိုက်တောင်သူများ စုစုပေါင်း(၅၆) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)