ရန်ကုန် နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘတ်ဂျက်ဖြင့် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အကောင်အထည်ဖော် ဆောင်ရွက် ပြီးစီးခဲ့သည့် တွံ့တေးမြို့နယ်နှင့်ကော့မှူးမြို့နယ်တို့၏ ၃၃ / ၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံများ နှင့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းများဖွင့်ပွဲကို အဆိုပါဓာတ်အားခွဲရုံများနှင့် ကျေးလက်လမ်းများ တွင် ယမန်နေ့မွန်းလွဲပိုင်းကကျင်းပခဲ့သည် ။
ရှေးဦးစွာတွံတေးမြို့နယ် ၃၃ / ၁၁ ကေဗွီ (၅)အမ်ဗွီအေ ဓာတ်အားခွဲရုံ ကဗ္ပည်းကျောက်စာ မော်ကွန်းအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ ဦးတင်မောင်ထွန်း နှင့် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တို့က စက်ခလုတ်နှိပ်၍ အမွှေးနံ့သာများ ပက်ဖြန်းကာ ဖွင့်လှစ်ပေးပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၃၃ / ၁၁ ကေဗွီ (၅)အမ်ဗွီအေ ကော့မှူး မြို့နယ် ညောင်ကုန်းဓာတ်အားခွဲရုံ ကဗ္ပည်းကျောက်စာမော်ကွန်းအား စက်ခလုတ်နှိပ်၍ အမွှေး နံ့သာများပက်ဖြန်းကာ ဖွင့်လှစ်ပေးပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်အဆိုပါဓာတ်အားခွဲရုံတွင် ဝန်ကြီးချုပ်ကအမှာစကားပြောကြားရာ တွံ့တေးမြို့နယ်နှင့် ကော့မှူးမြို့နယ်အပါ တောင်ပိုင်းခရိုင်တွင် ဓာတ်အားခွဲရုံ(၇)ရုံ တည်ဆောက်နိုင်ခဲ့ကြောင်း တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသများသို့ လျှပ်စစ်ဓာတ်အားရရှိရေး စီမံဆောင်ရွက်လျှက်ရှိရာ တိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၂၂၀၅ ရွာအနက် ကျေးရွာ ၁၈၅၀ မီးလင်းခဲ့ပြီး ၃၅၅ ရွာသာ ကျန်ရှိတော့ကြောင်းနှင့်၂၀၂၀-၂၀၂၁ ဘဏ္ဏာနှစ်တွင် စီမံဆောင်ရွက်ပေးရန် စီစဉ်ထားရှိသည့်အတွက် ၂၀၂၀ ခုနှစ် ၊ ဒီဇင်ဘာလကုန်တွင် ကျေးလက်နေပြည်သူအားလုံး လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ပေးနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခွင့်ပြုငွေကျပ် ၈၄၁ ဒဿမ ၃၁၃ သန်းဖြင့် ၂/၀.၅၁ မိုင် ၁၂ ပေ ရှိ ကော့မှူးမြို့နယ် အိုးဘို - ကျုံဖာ - ချောင်းဝ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း နှင့် ခွင့်ပြုငွေကျပ် ၆၀၅ သန်းဖြင့် ၁/၂ မိုင်ရှိရေကျော် - အိုးဘို ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ကဗ္ပည်းကျောက်စာမော်ကွန်းအား စက်ခလုတ်နှိပ်၍ အမွှေးနံ့သာများပက်ဖြန်းကာ ဖွင့်လှစ်ပေးခဲ့ ကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခွင့်ပြုငွေကျပ် ၉၁၉ ဒဿမ ၁၂၅ သန်း ဖြင့် ၂ / ၂ မိုင် ၁၂ ပေရှိတွံတေးမြို့နယ် ၊ တမာကော - ခလောက်ချိုက် - မငေး - အလယ်ရွာ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ကဗ္ပည်းကျောက်စာမော်ကွန်းအား စက်ခလုတ်နှိပ်၍ အမွှေးနံ့သာများ ပက်ဖြန်းကာ ဖွင့်လှစ်ပေးခဲ့ကြသည်။
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ဒဂုံမြို့နယ် ၊ ရွှေတိဂုံဘုရားလမ်းရှိ We Love Yangon ရုံးတွင် ဂျာမနီအစိုးရနှင့်ဂျာမနီပြည်သူများ၏ We Love Yangon (လူထုအခြေပြု ပရဟိတအသင်း)သို့လှူဒါန်းသည့် Euro 100000 (တစ်သိန်း)လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဂျာမနီနိုင်ငံအစိုးရနှင့် ပြည်သူများ ကိုယ်စားဂျာမနီနိုင်ငံသံအမတ်ကြီးက လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။ ထို့နောက် We Love Yangon မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်းသိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)