နောင်ချိုမြို့ သဖန်းကိုင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း အာယုဒါန (အခမဲ့)ဆေးပေးခန်း ပြန်လည်ဖွင့်လှစ်

နောင်ချို ဧပြီ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်း အာယုဒါန(အခမဲ့)ဆေးခန်းကို ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း  သိရသည်။

အဆိုပါဆေးခန်းကို အခြေအနေအရ နှစ်လတာပိတ်ထားခဲ့ရပြီး ဧပြီလ ၁ ရက်နေ့မှစ၍ ဆရာဝန်ကြီး ဒေါက်တာဇော်ဇော်နိုင်ဦးဆောင်ပြီး သဖန်းကိုင်းပရဟိတအသင်းမှ အသင်းဥက္ကဋ္ဌနှင့်အသင်းသူ၊ အသင်းသားများစုပေါင်း၍ လူနာများ၏ကျန်းမာရေးကို စောင့်ရှောက်ကုသပေးလျက်ရှိကြောင်း သိရသည်။      

သဖန်းကိုင်းပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ရဟန်း၊ ရှင်သာမဏေ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကို ဆရာတော်မှ အနီးကပ် ကြီးကြပ်စောင့်ရှောက်ပေးလျက်ရှိသည့်အပြင် အခမဲ့ကွန်ပျူတာသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းနှင့် အာယုဒါန(အခမဲ့) ဆေးခန်းကိုလည်း ဖွင့်လှစ်ထားရှိကာ လူမျိုးဘာသာမရွေး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)