မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် နွေရာသီ အခြေခံအားကစား သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

ချမ်းအေးသာစံ ဧပြီ ၃

မန္တလေးတိုင်းဒေသကြီး နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ချမ်းအေးသာစံမြို့နယ်ရှိ ဗထူးမိုးလုံလေလုံ အားကစားခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ အားကစားဆပ်ကော်မတီမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်း သားသင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် နိုင်ငံတော်က အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်နေပါကြောင်း၊ အားကစားနှင့် ပညာရေးအား  ထိထိမိမိ ပေါင်းစပ်ဆောင်ရွက်သွားနိုင်ရန် စီစဉ်ဆောင်ရွက်နေပါကြောင်း၊ နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချကာ အားကစားနည်းကို အခြေခံမှစ၍ စနစ်တကျ သင်ယူလေ့ကျင့်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ကာ ထူးချွန်သည့် အားကစားသမားကောင်းဖြစ်လာစေရေး၊ အတွေးအခေါ် မှန်ကန်ပြီး ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်း လူငယ်များပေါ်ထွက်လာစေရေး စသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ လူငယ်လူရွယ်များကို ငယ်ရွယ်စဉ် အချိန်မှစ၍ စနစ်တကျ ပြုစုပျိုးထောင်ပေးမှသာ အရည်အချင်း ပြည့်ဝသည့် မျိုးဆက်သစ် လူငယ်အားကစားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာမည်ဖြစ်ပါကြောင်း၊ သင်ယူရရှိသည့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကို အခြေခံပြီး အဆင့်မြင့် အားကစားပညာရပ်များကို ဆက်လက် လေ့လာလိုက်စားကြရင်း တိုင်းဒေသကြီးဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အား ကစားသမားကောင်းများ ဖြစ်လာအောင် ဆက်လက်ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း၊ နည်းပြ ဆရာ/ဆရာမများအနေဖြင့် စေတနာအပြည့် အဝထားပြီး အခါအားလျော်စွာ  ဆက်လက်သင်ကြားပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ သက်မွေးကျောင်းပညာသင် ထောက်ပံ့ကြေး ရရှိသူ (၁၅) ဦးအတွက် ထောက်ပံငွေ ကျပ် (၁၅) သိန်းကို ချီးမြှင့်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းနည်းပြ  ဆရာ၊ ဆရာမများ၊ သင်တန်းသားသင်တန်းသူများကို လိုက်လံနှုတ်ဆက်ပြီး သင်တန်းသားသင်တန်းသူများ၏ သရုပ်ပြသကစားမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထွန်းထွန်းနိုင်