ချမ်းအေးသာစံ ဧပြီ ၃
မန္တလေးတိုင်းဒေသကြီးသို့ ခွဲဝေချထားပေးခဲ့ပြီးဖြစ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ် ၈ ဘီလီယံမှ ဒုတိယအကြိမ် ပြန်လည်ထုတ်ချေးနိုင်ရေးနှင့် ချေးငွေ လည်ပတ်သုံးစွဲခြင်းဆိုင်ရာ စံလုပ်ထုံးလုပ်နည်း (Standard Operating Procedure –SOP) အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအား ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ မူဝါဒများ ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအတွက် ခွဲဝေချထားပေးသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံ အား ၂၀၂၃ ခုနှစ် ဇွန်လ မှ စက်တင်ဘာလအတွင်း မြို့နယ်အသီးသီးသို့ ပထမအကြိမ်အဖြစ် စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ ငါးလုပ်ငန်းကဏ္ဍ၊ သမဝါ ယမကဏ္ဍ၊ MSME နှင့် အခြားတို့တွင် ထုတ်ချေးခဲ့ပါကြောင်း၊ (၆)လ၊ (၈)လ ၊ (၁၂)လ ချေးငွေအဖြစ် ထုတ်ချေးပေးခဲ့ပြီး (၆)လ နှင့် (၈)လ ထုတ်ချေးထားသော လုပ်ငန်းများမှ အရင်း/ အတိုးများအား ပြေကြေစွာ ကောက်ခံရရှိခဲ့သည့် ချေးငွေများကို ဒုတိယအကြိမ်အဖြစ် ပြန်လည်ထုတ်ချေးနိုင်ရေး နှင့် SOP အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ငွေကြေးပံ့ပိုးမှု ရယူပြီး သုံးစွဲမှုနှင့် ပြန်လည်ပေးဆပ်မှုအပိုင်းတို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှု ကော်မတီမှ အတည်ပြုထားသည့် ရန်ပုံငွေစီမံခန့်ခွဲမှု စီမံချက်အတိုင်း အပြည့်အဝ လေးစားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် ထုတ်ချေးပေးခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ မူဝါဒများနှင့်အညီ၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများအတိုင်း အလေးအနက်ထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပြန်လည်ကောက်ခံရာတွင် သတ်မှတ်ကာလများအတွင်း အပြည့်အဝရရှိရေး စနစ်တကျ ကြပ်မတ်ဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအား စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်း၊ သမဝါယမလုပ်ငန်း၊ MSME၊ ၎င်းတို့နှင့် ဆက်စပ်လုပ်ငန်းများအတွက် ကဏ္ဍများအလိုက် ချေးငွေများ ထုတ်ချေး ပေးနိုင်ခဲ့မှု၊ ပြန်လည်ကောက်ခံရရှိမှုနှင့် ဆက်လက်ကောက်ခံသွားမည့် အခြေအနေများကိုလည်းကောင်း၊ သက်ဆိုင်ရာ စီမံကိန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးများက လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ပြီးမြောက်ရေး ဆက်နွယ်ဌာနများအချင်းချင်း ချိတ်ဆက် ဆောင်ရွက်နေမှုနှင့် ကြုံတွေ့နေရသည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်နေမှု ရှင်းလင်းဆွေးနွေးတင်ပြချက်များနှင့် ဖြည့်စွက် ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
ထွန်းထွန်းနိုင်