ငါန်းဇွန်မြို့နယ်၌ မွေးစမှ (၂)နှစ်အထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများပြုလုပ်

ငါန်းဇွန် ဧပြီ  ၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မိခင်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့နံနက်(၈)နာရီအချိန်က မွေးစမှ (၂)နှစ်အထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့သည်။

ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများကို ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမ ဒေါ်ခင်သူသူဝင်းနှင့် ဝန်ထမ်းများမှ ယနေ့နံနက်(၈)နာရီအချိန်မှစ၍ မြို့ပေါ်(၄)ရပ်ကွက်ရှိ မွေးစမှ(၂)နှစ်အထိ ကလေးငယ်များကို ကာကွယ်ဆေး ထိုးနှံ ပေးခဲ့သည်။

  ထိုးနှံပေးသည့် ကာကွယ်ဆေးအမျိုးအစားများမှာ ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပိုလီယိုထိုးဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)- ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်- ဂျိုက်ဘိုး ကာကွယ်ဆေးများကို ထိုးနှံပေးပြီး ကာကွယ်ဆေးထိုး မှတ်တမ်းကဒ်များတွင် စနစ်တကျ မှတ်တမ်းရေးသွင်း ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများကို မြို့ပေါ်(၄)ရပ်ကွက်မှ ကလေးငယ်များအပြင် အဝေးမှ လာရောက်သည့် ဧည့်သည်ကလေးငယ်များကိုလည်း ကာကွယ်ဆေးထိုးရက် မကျော်လွန်စေရန်အတွက် ထိုးနှံပေးခဲ့ရာ (၅၀)ဦးရှိပြီး စုစုပေါင်းကာကွယ်ဆေးထိုးနှံသူ ကလေးငယ်(၁၁၀)ဦး လာရောက်၍ ကာကွယ်ဆေး ထိုးနှံခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)