ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ စုပေါင်းဒုလ္လဘရဟန်းခံအလှူတော်မင်္ဂလာ၊ သိမ်ဆင်းလောင်းလှူပူဇော်ပွဲနှင့် ရေစက်ချတရားနာအလှူတော်မင်္ဂလာပွဲတော်အခမ်းအနားများကျင်းပ

မြစ်ကြီးနား ဧပြီ ၃

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မဟာသင်္ကြန်ကာလ မြန်မာတို့၏ ရိုးရာဓလေ့ထုံးစံနှင့်အညီ ကုသိုလ်ဒါအနေဖြင့် ဝန်ထမ်းမိသားစုများ အပါအဝင် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားကို ဧပြီ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ဒုလ္လဘရဟန်းသံဃာများ အား သိမ်ဆင်းလောင်းလှူပူဇော်ပွဲနှင့် ရေစက်ချတရားနာ အလှူတော်မင်္ဂလာအခမ်းအနားများကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ရန်ကြီးအောင်ရပ်ကွက်အတွင်းရှိ အံတော်ရှင်တောင် တန်းသာသနာပြုဗဟိုကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ စုပေါင်းဒုလ္လဘရဟန်းခံ သံဃာတော်များ၊ ကိုယ်ရင်များအား သိမ်ဆင်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီး များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ရဟန်းဒါယကာ၊ ဒါယကာမများနှင့် အလှူရှင်များက ထေရ်ကြီးဝါကြီးဆရာတော်သံဃာတော်များနှင့် ဒုလ္လဘရဟန်းခံသံဃာတော် (၂၀၀) ကျော်၊ စာသင်သားသာမဏေများ၊ သီလရှင်ဆရာလေးများအား အံတော်ရှင် စေတီတော်ဝင်းအတွင်း ဆွမ်းဆန်စိမ်း၊ ဆေးနှင့် အသုံးအဆောင်ပစ္စည်းများကို လောင်းလှူပူဇော်ခဲ့ကြသည်။

ထို့နောက် ဓမ္မဗိမ္မာန်တော်၌ရေစက်ချတရားနာအလှူတော်မင်္ဂလာ အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်၊ အဂ္ဂ မဟာမဏ္ဍိတ၊ အဂ္ဂမဟာဇောတိကဓဇ ခေမာသီဝံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော ဆရာတော်သံဃာ‌တော် များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ် ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် ပြည်နယ်လူမှုရေးရာဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌ တုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်ကြပြီး ဆရာတော်သံဃာတော် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)