ရန်ကုန် နိုဝင်ဘာ ၅
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွထွေေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ရန်ကုန် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲနေ့အတွက် တာဝန် ခွဲဝေ ကြီးကြပ်ခြင်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းအချိန်က ကမာရွတ် မြို့နယ်၊ ရွှေလီလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မောင်အေးက ခရိုင်နှင့် မြို့နယ်များတွင် မဲရုံများပြင်ဆင် ဆောင်ရွက် ထားရှိသည့် အခြေအနေများအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့၏ ညွှန်ကြားချက်များနှင့် ညီညွတ်မှုရှိစေရေး ကွင်းဆင်းစစ်ဆေးရေး၊ ရွေးကောက်ပွဲ ကျင်းပမည့်နေ့ တွင် မိမိတို့တာဝန်ကျရာ ခရိုင်နှင့် မြို့နယ်များအလိုက် ကြီးကြပ်တာဝန်ချထားရေး၊ မဲရုံလုံခြုံရေး ကိစ္စရပ်များ နှင့် ရွေးကောက်ပွဲကျင်းပအပြီး ဆန္ဒမဲရလဒ် များအား ထုတ်ပြန်ကြေညာ ပေးနိုင်ရေး ကိစ္စရပ်များကိုရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တို့က ကဏ္ဍအလိုက် အသီးသီး ဖြည့်စွက် ဆွေးနွေး ခဲ့ကြသည်။ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကြည်မြင့်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရဲမင်းထွန်း (ပြန်/ဆက်)