ကျောက်ပန်းတောင်း ဧပြီ ၃
၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆီထွက်သီးနှံ အထူးဇုန်များ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ဆီထွက်သီးနှံ အထူးဇုန်(၂)တာဝန်ခံ ဦးဇော်ဝင်းထွန်းက ၂၀၂၄-၂၀၂၅ခုနှစ်၊ ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊ နေကြာ) အထူးဇုန်များ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက်၊ သီးနှံစိုက်ပျိုးရေးနည်းစနစ်များပြောင်းလဲ စိုက်ပျိုးရေး၊ မျိုးပြောင်းလဲစိုက်ပျိုးရေး၊ သွင်းအားစုများ အချိုးကျ သုံးစွဲနည်းစနစ်များ၊ ရေလိုအပ်ချက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရေးနှင့် အစုအဖွဲ့များ ဖွဲ့စည်းပြီး လုပ်ငန်းများ အောင်မြင်အောင် ချိတ်ဆက်ဆောင်ရွက်သွားနိုင်ရေးတို့အတွက် တွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း ဦးစွာအဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ညောင်ဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကိုကိုနိုင်က ခရိုင်အတွင်း ဆီထွက်သီးနှံ စီမံကိန်း ရည်မှန်းချက် ပြည်မီအောင် စိုက်ပျိုးသွားနိုင်ရေးအတွက် နည်းပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ ဒေါ်သက်သက်ထွန်း၊ မျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသွင်နှင့် သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်သင်းသင်းထက်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် တောင်သူများ လိုက်နာဆောင်ရွက်သင့် သည်များကို ရှင်းလင်းဆွေးနွေးကြပြီး စိုက်ပျိုးရေးပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြသည်။ ယင်းနောက် မိတ်ဖက်ဌာနများဖြစ်သည့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် ပေါင်းစပ်ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးကြပြီး၊ ညောင်ဦးခရိုင် မြေအသုံးချရေး တာဝန်ခံ၊ မျိုးစေ့တာဝန်ခံနှင့် သီးနှံကာကွယ်ရေးတာဝန်ခံတို့က မိမိတို့ ကဏ္ဍအလိုက် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် မြိုနယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်က ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး တောင်သူများနှင့် ပေါင်းစပ်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ ဒုတိယ တိုင်းဒေသကြီး ဦးစီးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူး၊ မိတ်ဖက်ဌာနများဖြစ်သည့်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆီထွက်သီးနှံစိုက်တောင်သူများ စုစုပေါင်း(၅၆) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)