ဆိပ်ကြီးခနောင်တို ဧပြီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လက်မှုအနုပညာကို အခြေခံမှစ၍ တတ်မြောက်စေရန် ရည်ရွယ်၍ နွေရာသီအခြေခံခဲရေးပန်းချီရေးဆွဲနည်း သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီခွဲမှစ၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုခန်းမတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
သင်တန်းတွင် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၈ ဦးတို့အား ပန်းချီပညာရှင် ဦးအောင်သော်ဇင်မှ ခဲရေးပန်းချီရေးဆွဲရာတွင် ပါဝင်သည့် လိုင်းများ၏ သဘောတရား၊ လိုင်းအလင်းအမှောင်၊ လိုင်းများနှင့်ဖွဲ့ စည်းရေးဆွဲခြင်း၊ အရောင်များအကြောင်း၊ ရှုခင်းရေးဆွဲခြင်း၊ နီးဝေးမြင်ခြင်း၊ ပန်းချီကားတစ်ချပ်ပူးပေါင်းဖန်တီးခြင်း၊ ပတ်ဝန်းကျင်ရှိ ပစ္စည်းများကို ပုံနှိပ်ကူးယူရေးဆွဲခြင်း စသည့်သင်ခန်းစာများကို ဧပြီ ၁၀ ရက်နေ့ အထိ နေ့စဉ်နံနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲအထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ဝေယံ (ပြန်/ဆက်)