မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း နွေရာသီအခြေခံစာတတ်မြောက်ရေးလုပ်ငန်း ပြည်နယ်အဆင့် နည်းပြနှင့်ကြီးကြပ်သင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

မော်လမြိုင် ဧပြီ ၃

မွန်ပြည်နယ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြနှင့်ကြီးကြပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပညာရေးဒီဂရီကောလိပ် ပညာညီလာခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ပညာရေးမှူးနှင့် သင်တန်းသား ဆရာ ဆရာမများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံသားတိုင်း အခြေခံပညာတတ်မြောက်ရေးနှင့် ပတ်သက်ပြီး လူတိုင်းအတွက် ပညာရေး (Education For All) ကြီးကို အကောင်အထည်ဖော်ရာမှာ ကျောင်းတွင်း ပညာရေးနှင့် ကျောင်းပြင်ပ ပညာရေးများ ချိတ်ဆက်ပြီး ကျောင်းနေအရွယ်ကလေးများ ကျောင်းနေရေးနှင့် ကျောင်းနေအရွယ်လွန် နိုင်ငံသားများအတွက် သက်ကြီး စာတတ်မြောက်ရေးလုပ်ငန်းများကို တပြိုင်နက်ထဲ ဖြစ်ထွန်းအောင် ဆောင်ရွက်လျက်ရှိ‌ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများနှင့် ကျောင်းမနေခဲ့ရသည့် ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်စေရန်အတွက် စာတတ်မြောက်ရေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဗဟိုအဆင့် နည်းပြသင်တန်းတက်ရောက်ခဲ့သည့် ဆရာ ဆရာမများက ပြည်နယ်အဆင့် ဆင့်ပွားသင်တန်းများကိုလည်း ဆက်လက်ပို့ချသွားမည် ဖြစ်ပါကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်စေရေးအတွက်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ စေတနာရှင်းလုပ်အားပေးများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က နွေရာသီစာတတ်မြောက်ရေး လုပ်ငန်းအတွက် ဗဟိုအဆင့်သင်တန်း တက်ရောက်ခဲ့သူ (၉) ဦးအား ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီစာတတ်မြောက်ရေးလုပ်ငန်းအတွက် ပြည်နယ်အဆင့် ဆင့်ပွား သင်တန်းတက်ရောက်သည့် နည်းပြကြီးကြပ်များနှင့် သင်တန်းသုံး သင်ထောက်ကူ ပစ္စည်းများအတွက် ထောက်ပံ့ငွေပေးအပ်ရာ ပြည်နယ်ပညာရေးမှူးက လက်ခံရယူပြီး သင်တန်းသား ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ပြည်နယ်အဆင့် သင်တန်းကို (၂-၄-၂၀၂၄) ရက်နေ့မှ (၄-၄-၂၀၂၄) ရက်နေ့အထိ (၃) ရက် ဖွင့်လှစ်ပြီး မြို့နယ် (၈) မြို့နယ်တွင် စာတတ်မြောက်ရေးလုပ်ငန်းများကို (၆-၄-၂၀၂၄) ရက်နေ့မှ (၁၅-၅-၂၀၂၄) ရက်နေ့အထိ ရက် (၄၀) အတွင်း စာသင်ဝိုင်း (၈၉၇) ဝိုင်း၊ နည်းပြ (၈၉၇) ဦး၊ ကြီးကြပ် (၉၀) ဦး၊ စာသင်သား (၁၃၄၅၀) ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)