ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရပ်စောက်မြို့ ဒေသဖွံ့ဖြိုးရေးအတွက် သရက်ခြံကော်ဖီခြံတို့ကို ကွင်းဆင်းကြည့်ရှု

ရပ်စောက် ဧပြီ

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက် (၁၀) နာရီခွဲက ရပ်စောက်မြို့ UNTQUE LAWK SAWK MANGO PUBLIC Co,Ltd သရက်ခြံအား သွားရောက်ကြည့်ရှုရာ သရက်တာဝန်ခံဦးမြင့်ဦးမှ သရက်သီးစိုက်ပျိုး၊ ထုတ်လုပ်မှုအဆင့်ဆင့်တို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် သရက်သီးထုတ်လုပ်သည့်စက်ရုံအတွင်း လှည့်လည်ကြည့်ရှုကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရပ်စောက်မြို့၊ မကျီးကုန်းကျေးရွာရှိပွင့်ကောင်းနှင့် ခင်နွဲ့ရီကော်ဖီခြံအားသွားရောက်ကြည့်ရှုရာ ခြံတာဝန်ခံမှ ကော်ဖီခြံစိုက်ပျိုးထားမှု၊ သရက်စိုက်ပျိုးထားမှုနှင့် ရာဘာပင်စိုက်ပျိုးထားရှိမှုတို့ကို ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည်ကော်ဖီခြံအတွင်း လှည့်လည်ကြည့်ရှုကြကြောင်းနှင့် အဆိုပါခြံမှထွက်ရှိသော ကော်ဖီများကို ပြည်တွင်းသာဖြန့်ချီကြောင်းသိရသည်။

ထို့နောက် ရပ်စောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က သက်ဆိုင်ရာဌာနဆိုင်ရာများ လုပ်ငန်းဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရန် မြန်မြန်ဆန်ဆန်ဆောင်ရွက်ပေးကြရန်၊ မိမိဌာနရည်မှန်းချက်အတိုင်း ဆောင်ရွက်ပေးကြရန် မြေပြင်တွင် လုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ရမည့်ကိစ္စရပ်များရှိပါက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ပြောကြားသည်။

၎င်းနောက် ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဒေသဆိုင်ရာအချက်အလက်များနှင့် လိုအပ်ချက်များ ရှင်းလင်းတင်ပြခြင်း၊ တက်ရောက်လာသည့်ဌာနဆိုင်ရာများမှ ဒေသလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြပြီး အထွေထွေဆွေးနွေးကာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဒေသလိုအပ်ချက်များကို ကူညီဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရပ်စောက်မြို့ ယမ်းတွင်းငါးကြောင်အုပ်စု၊ ပိန္နဲပင် (ရွာသစ်) ကျေးရွာတွင် ဦးဂျာကနပ်မွေးမြူထားသော ကောင်ရေ (၁၂၀၀၀) ကောင် ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုပြီး ရပ်စောက်မြို့ အင်းခေါင်ကန်မှ ရေပေးဝေနေမှုနှင့် ပိန်းချောင်းဆည်အထွေထွေပြုပြင်ခြင်းလုပ်ငန်းများ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများမှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။
              

မောင်မောင်သန်း(တောင်ကြီး)