မိုင်းယောင်း ဧပြီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားစွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီ၊ မိုင်းယောင်းတပ်နယ်မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဖြူစင်-မိုင်းယောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေး အထောက်အကူပြုအသင်းနှင့် မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူများက ၁၃၈၅ ခုနှစ် မြန့်မာရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး တင်ပြချက်၊ လိုအပ်ချက်များနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ၂၀၂၃-၂၀၂၄ ဘဏ္ဏာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ၁၉၇ ဒသမ ၆ဝ၄ သန်းဖြင့် Titan Sky ကုမ္ပဏီလီမိတက်မှ ဆောင်ရွက်လျက်ရှိသော နောင်ခမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ၁၉၇ ဒသမ ၀၁ သန်းဖြင့် ပလက်ဖောင်းပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မုန်းလိုက်အုပ်စု မိုင်းဟန်ကျေးရွာဘုန်းတော်ကြီးကျောင်းဆရာတော် သဒ္ဓမ္မဇောတိက ဘဒ္ဒန္တဇဋိလအား သံဃာတော်(၁၀၈)ပါးအား ရည်စူး၍ ဆန်၊ ဆီ၊ ဆား၊ ဆေး (၁၀၈)စုံတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)