လားရှိုး ဧပြီ ၃
မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ထေရဝါဒဗုဒ္ဓသာသနာထွန်းကားစေရန်ရည်ရွယ်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရဓမ္မာစရိယစာမေးပွဲကို လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပသည်။
၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို လားရှိုးခရိုင်အတွင်းရှိ စာသင်တိုက်များမှ စာရင်းသွင်းသံဃာတော် (၂၀၈) ပါးအနက် ဆရာတော်၊ သံဃာတော် (၁၅၀) ပါး ဖြေဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲဖြေဆိုနေမှုများကို စာမေးပွဲကြီးကြပ်ရေးကော်မတီ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ပြည်နယ်သာသနာရေးမှူးရုံးခွဲ (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်မောင်မောင်စိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ကပ်လှူခဲ့ကြကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို လားရှိုးမြို့၊ မြို့တော်ခန်းမ၌ မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ၁၃ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး )