ပေါင် ဧပြီ ၃
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ မွန်ပြည်နယ်ကုသရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် သထုံခရိုင် ပြည်သူ့ဆေးရုံ၊ သထုံခရိုင်ကျန်းမာရေးဦးစီးဌာနနှင့် ပေါင်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သထုံခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ (အခမဲ့)ကွင်းဆင်းဆေး ကုသမှုကို ယမန်နေ့နံနက်ပိုင်းက သဲကုန်းတိုက်နယ် ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆေးကုသမှုခံယူရန်အတွက် တာဝန်ကျသူနာပြုဆရာမများက သွေး ပေါင်ချိန်တိုင်းပေးခြင်း၊ ဆီးချိုများစစ်ဆေးပေးခြင်းများကို ပြုလုပ်ပေးခဲ့ကြပြီး အထူကုဆရာဝန် ( သမားတော် )၊ အထူးကုဆရာဝန် (အရိုး)၊ အထူးကုဆရာဝန် (သွား)၊ အထူးကုဆရာဝန်(သားဖွား၊မီးယပ်)၊ အထူးကုဆရာဝန် (ကလေး)၊ အထူးကုဆရာဝန် (ခွဲစိတ်)၊ လက်ထောက်ဆရာဝန်(ဆေးပညာ)၊ လက်ထောက်ဆရာဝန် (ဓာတ်မှန်)တို့က လူနာများကို အသေးစိတ်ကုသမှုပြုလုပ်ခဲ့သည်။
ထိုသို့ ဆေးကုသမှုကို သထုံခရိုင်စီးမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးရဲနိုင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်တို့က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့သည်။ ထို့ပြင် ဆေးကုသမှုကုန်ကျစရိတ်အတွက် ကျွဲခြံကျေးရွာမှ ဦးမင်းမင်းစိုးနှင့် အဖွဲ့ဝင်များက ငွေကျပ်(၁၀)သိန်းကို လှူဒါန်းပေးခဲ့သည်။ ဆေးကုသမှုခံယူရာတွင် သဲကုန်းကျေးရွာ၊ ကျုံဟော်ကျေးရွာ၊ ညောင်းကုန်းကြီးကျေးရွာ၊ ထန်းပင်ချောင်လေးကျေးရွာ၊ မြလေးချောင်ကျေးရွာရှိ ပြည်သူများက လာရောက်၍ ဆေးကုမှု ခံယူခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)