မိုင်းယန် ဧပြီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံတိုင်းရင်းသားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီမှစတင်၍ ယန်းကောင်ကျေးရွာအုပ်ရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေမှူး ဦးအောင်ဇင်ဦးနှင့် ဗိုလ်မှူးစန်းကိုအောင်တို့ ဦးဆောင်သောပူးပေါင်းအဖွဲ့မှ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမူရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ကျေးရွာနေပြည်သူများအား သက်ဆိုင်ရာဌာနဆိုင်ရာများ၏ လုပ်ငန်းတာဝန်များ၊ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသောလုပ်ငန်းကိစ္စရပ်များအပြင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ဒေသခံပြည်သူများ ပိုမိုနားလည်သဘောပေါက်သိရှိစေရန်နှင့် နားလည်မှုလွဲမှားခြင်းများ မဖြစ်ပေါ်စေရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး