နေပြည်တော်ကောင်စီဥက္ကဋ္ဌ နေပြည်တော်အတွင်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စက်မှုလယ်ယာကူးပြောင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဧပြီ ၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် စက်မှုလယ်ယာကူးပြောင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအား လျာထားချက်ပြည့်မီစွာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊  စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရာတွင် စိုက်ဧကတိုးချဲ့စိုက်ပျိုးခြင်း၊ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ခြင်းနှင့် သီးထပ်စွမ်းအားတိုးချဲ့၍ အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ခြင်းတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ လယ်ယာကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထူထောင်ပြီး တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်း (Agro Based Industry)ကို တန်ဖိုးမြှင့်ကုန်ပစ္စည်းအထိ ထုတ်လုပ်ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ပြည်တွင်း ဆီထွက်သီးနှံများမှ ထုတ်လုပ်သော စားသုံးဆီဖြင့် လုံလောက်အောင် သုံးစွဲခြင်းဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကိုလည်း လျော့ကျစေနိုင်မှာဖြစ်သောကြောင့် ဆီထွက်သီးနှံတိုးမြှင့်ထုတ်လုပ်ရေးနှင့် အထွက်နှုန်းပိုမိုထွက်ရှိအောင် ပန်းတိုင်ရည်မှန်းချက်များ ထွက်ရှိရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ စိုက်ဧကများ တစ်ဧကအထွက်နှုန်း တိုးမြင့်နိုင်ရေး၊ ပန်းတိုင်ရည်မှန်းချက်ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းစားသုံးမှုဖူလုံစေသည့်အပြင် ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း၌ နို့နှင့် နို့ထွက်ပစ္စည်းများ ဖူလုံအောင်ထုတ်လုပ်နိုင်ရေးအတွက် နို့စားနွားနှင့် နို့စားကျွဲများ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထုတ်လုပ်မှုစွမ်းအား တိုးတက်လာစေရန်အတွက် စိုက်ပျိုးရေးလုပ်ငန်းများတွင် မြေယာပြုပြင်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာ၌ စက်ကိရိယာများ အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ပေးခြင်း၊ လယ်ယာသုံးစက်ကိရိယာများ စွမ်းအားပြည့် အသုံးပြုနိုင်ရေးအတွက် စနစ်တကျ လယ်ယာမြေများ ဖော်ထုတ်ခြင်း၊ တောင်သူများ လုပ်ငန်းခွင်အဆင့်တိုင်းတွင် စက်ကိရိယာအသုံးပြုနိုင်ရန် လယ်ယာသုံးစက်ကိရိယာအမျိုးမျိုးကို ဖြန့်ဖြူးရောင်းချပေးခြင်း၊ အသုံးပြုနိုင်ရန် စီမံပေးခြင်းတို့ဖြင့် ခေတ်မီနည်းစနစ်များသုံးပြီး စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ စက်မှုလယ်ယာကူးပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင်များက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်ပတ်သက်၍ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)