ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ ကျောင်းသား/ ကျောင်းသူလူငယ်များအတွက် အခြေခံပန်းချီရေးဆွဲနည်း နွေရာသီသင်တန်း အခမဲ့ဖွင့်လှစ်

ဒဂုံတောင် ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့)ကို ဧပြီလ ၁ ရက်နေ့ နံနက် ၉ နာရီက စတင်ဖွင့်လှစ်သင်ကြားသည်။

ရှေးဦးစွာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ကျောင်းသား/ ကျောင်းသူ လူငယ်များ နွေရာသီကျောင်းပိတ်ရက်များအတွင်း အားလပ်ချိန်များကို အကျိုးရှိစွာ အသိပညာ၊ အတတ်ပညာများ ဆည်းပူးလေ့လာနိုင်ရန်အတွက် ပြန်/ ဆက်ဦးစီးဌာမှ ပညာရှင်များနှင့် ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖြင့် ပြည့်စုံစေရေး စဉ်ဆက်မပြတ် သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် သင်တန်းနည်းပြ ဒေါ်မော်နီ မြန်မာနိုင်ငံပန်းချီ/ ပန်းပုအစည်းအရုံး ပြန်ကြားရေးတာဝန်ခံနှင့် ပန်းချီဆရာမ ကလျာနွယ်တို့က အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို နံနက် ၉နာရီမှ ၁၁ နာရီ အထိဧပြီလ ၁ ရက် မှ ၅ ရက်နေ့ထိ ပန်းချီအ‌ခြေခံစည်းကမ်းများ၊ အရောင်ဖွဲ့စည်းပုံ၊ အလင်းအမှောင်၊ ပုံသဏ္ဍာန်ရေးဆွဲပုံ၊ ခဲရေးနည်း၊ သဘာဝပတ်ဝန်းကျင်မှ သစ်ပင်သစ်ရွက်ရေးဆွဲနည်း စသည့်သင်ခန်းစာများကို စာတွေ့လက်တွေ့သင်ကြားမည်ဖြစ်ပြီး အဆိုပါသင်တန်းကို အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦး တက်ရောက်သင်ကြားကြောင်း သတင်းရရှိသည်။

သန်းသန်းအေး