ပင်းတယမြို့နယ်၌ ဆီထွက်သီးနှံအထွက်နှုန်းတိုးတက်ရေးနည်းပညာ (TOT) သင်တန်း ဖွင့်လှစ်

ပင်းတယ ဧပြီ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ဆီထွက်သီးနှံအထွက်နှုန်း တိုးတက်ရေးနည်းပညာ (TOT) သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသဦးစီးမှူး ဦးကျော်ကျော်ညွှန့်မှ အဖွင့်အမှာစကားပြောကြားပေးပြီး တောင်ကြီးခရိုင်၊ ဆီထွက်သီးနှံ အထူးဇုန်တာဝန်ခံ ဦးထွန်းလှက နည်းပညာဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် များအား ရှင်းလင်းပြောကြားပေးသည်။

ဆက်လက်၍ ပင်းတယမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက မြို့နယ်အတွင်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ သက်ဆိုင်ရာတာဝန်ရှိသူများမှ မြေပဲစိုက်ပျိုးထုတ်လုပ်နည်း၊ မြေအမျိုးအစား၊ မြေချဉ်ငံကိန်း၊ အာဟာရဓါတ်ဆက်စပ်ချက်များ၊ ရှင်သန်ကျန်းမာ မြေဆီလွှာပြုပြင်နည်း၊ မြေပဲအကြောင်းသိကောင်းစရာနှင့် ပိုးသတ်ဆေး စနစ်တကျ အန္တရာယ်ကင်းစွာကိုင်တွယ်သုံးစွဲနည်းများတို့အား အသိပညာပေးဆွေးနွေးပြောကြားပေးသည်။

ထို့နောက် သင်တန်းသို့တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းဖြေကြားပေးခဲ့ကြောင်းနှင့် ယခုကျင်းပပြုလုပ်သည့် သင်တန်း မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မူလလမ်းညွှန်ချက်ဖြစ်သည့် ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ပမှ စားအုန်းဆီတင်သွင်းမှုမပြုလုပ်ဘဲ ပြည်တွင်းတွင်စိုက်ပျိုးသော ဆီထွက်သီးနှံများမှ ကြိတ်ခွဲရရှိသည့် စားသုံးဆီများနှင့် ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင်ဆောင်ရွက်ရန် လမ်းညွှန်မှုအား လိုက်နာဆောင်ရွက်ရန် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆီ

ထွက်သီးနှံတွင် မြေပဲ၊ နှမ်း၊ နေကြာ အထူးဇုန်များအဖြစ် တိုင်းဒေသကြီး ပြည်နယ် (၇) ခုတွင် ဇုန် (၁၂) ဇုန်သတ်မှတ်၍ ဆောင်ရွက်ရာတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဆီထွက်သီးနှံဇုန်အဖြစ် သတ်မှတ်ဆောင်ရွက်ရမှာဖြစ်သည့်အတွက် ပင်းတယမြို့နယ်တွင် မြေပဲ (၂၁၄၀) ဧကနှင့် နေကြာ (၅၉၃၇) ဧက စုစုပေါင်းဆီထွက်သီးနှံစိုက်ဧက (၈၀၇၇) ဧက ဆောင်ရွက်ရန်အတွက် ယခုလိုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ပြီး သင်တန်းတွင် သင်တန်းသား/သင်တန်းသူ ဝန်ထမ်း (၂၃) ဦး တက်ရောက်လေ့လာသင်ကြားခဲ့ကြောင်း ပင်းတယမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)