တာမွေမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

တာမွေ ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပုံပြင် ပြောပြိုင်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင် ဆရာနေထွဋ်နောင်က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ အားပါးတရ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူ ကျောင်းသားလေးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်စေရန်၊ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ထက်သန်လာစေရန်နှင့် နွေရာသီကျောင်းအားလပ်ရက်များတွင် စာကြည့်တိုက်၌ ပညာဗဟုသုတရှာမှီးရင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် ယခုလို ပြိုင်ပွဲများကျင်းပပေးခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်လင်းအောင်(ပြန်/ဆက်)