ဒဂုံတောင် ဧပြီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များအား Catch-Up ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်း ရပ်ကွက်အလိုက်ဆေးထိုးစုရပ်များတွင် ဧပြီလ ၁ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ပထမနေ့အဖြစ် စတင်ဆောင်ရွက်ပေးကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ သိရသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းနှင့် ဆေးထိုးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ဆေးရုံအပြင် ရပ်ကွက်အလိုက် ဆေးထိုးစုရပ်များခွဲပြီး အပတ်စဉ်နေ့ရက်များသတ်မှတ်၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးအားလုံးကို သတ်မှတ်ထားသောအကြိမ်နှင့် သတ်မှတ်ထားသော အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးငယ်တို့ကို ပြင်းထန်တီဘီရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းအား အသက် (၁) နှစ်မှ (၅) နှစ်အရွယ်လေးငယ်များအား ထိုးနှံတိုက်ကျွေးလျှက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသော ကလေးငယ်များအား Catch-Up (အမှီလိုက်ကာကွယ်ဆေး) နည်းလမ်းဖြင့် ရပ်ကွက်များအလိုက် ကျန်ရှိမှုမရှိစေရေး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသုဝေ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက လိုက်လံထိုးနှံတိုက်ကျွေးပေးကြောင်း သိရသည်။
သန်းသန်းအေး