ညောင်ရွှေ ဧပြီ ၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒေသခံပြည်သူများအတွက် ပန်းခင်း(၃)စီမံချက် ကွင်းဆင်းဆောင်ရွက်ခြင်း၊ နိုင်ငံသားကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းပေးအပ်ခြင်း၊ ညောင်ရွှေမြို့သို့ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် နိုင်ငံသားကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးခြင်း၊ Biometric အချက်အလက်ကောက်ယူခြင်း One Stop Service လုပ်ငန်းများကို ယမန်နေ့နံနက် (၉)နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့ မိုင်းလီရပ်ကွက်ရှိ ဖောင်တော်ဆိုက်ဘုရား ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ကွင်းဆင်းလုပ်ငန်းဆောင်ရွက်ခြင်းကို ကလောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဒုတိယညွှန်ကြားရေးမှူး ဦးထင်အောင်၊ ညောင်ရွှေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းနှင့် ညောင်ရွှေမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းဝင်းတို့က ကြည့်ရှုအားပေးခဲ့ကြပြီး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးက ပန်းခင်းစီမံချက်နှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် လုပ်ငန်းများကွင်းဆောင်ရွက်ပေးရခြင်း အကြောင်းအရင်းများကို ရှင်းလင်းပြောကြား၍ ဒေသခံပြည်သူများနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြသည်။
ထို့နောက် ကလောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးတို့က ဒေသခံပြည်သူများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို အသီးသီးပေးအပ်ခဲ့ကြောင်း၊ ယနေ့ကွင်းဆင်းလုပ်ငန်းဆောင်ရွက်ခြင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၃)ဦး၊ အိမ်ထောင်စုလူဦးရေစာရင်း (၂၈)စုနှင့် Biometric အချက်အလက်ကောက်ယူခြင်း (၄၀)ဦးအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ