ကော့မှူး ဧပြီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဧပြီ(၁) ရက်နေ့ ညနေ (၄) နာရီက စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေဇင်ကိုကိုက ကျောင်းသား/ကျောင်းသူများအနေဖြင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ ကော့မှူးမြို့နယ် ပြည်သူ့စာကြည့်တိုက်သည် ပြည်သူများ၊ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ထားသည့် စာကြည့်တိုက်ဖြစ်ပါကြောင်း မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများအား စာကြည့်တိုက်သို့ ခေါ်ဆောင်လာကြရန်နှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး (Book Club) အဖွဲ့ဝင်မောင်အာကာကျော်က စာရေးဆရာ မြင်းခြံကျော်အောင်ရေးသားသည့် “နှင်းရည် ဆမ်းသောပန်းကလေးများ”စာအုပ်ထဲမှ ရေလိုက်လွဲခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရတနာကိုက “ရည်မှန်းချက်ပန်းတိုင်ချထား ရောက်အောင်သွား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မအေးအေးအောင်က “အောင်မြင်စေချင်လျှင်အားပေးပါ”ခေါင်းစဉ်တို့ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ (Book Club) အဖွဲ့ဝင် မောင်ကျော်သီဟကဆွေးရာတွင် ကျွန်တော်တွေ့ဖူးသော ဆရာဝန်ဘွဲ့ရတဲ့သူတစ်ယောက်ရှိကြောင်း၊ အခုဆရာဝန်မလုပ်ဘူး၊ နိုင်ငံခြားသင်္ဘောလိုက်နေတယ်၊ သူ့ဘဝကမတည်ငြိမ်ဘူး၊ ဟိုသင်္ဘောဆင်းလိုက်၊ ဒီသင်္ဘောပြန်တက်လိုက်နဲ့ အခြေအနေကမရေရာကြောင်း၊ ဆရာဝန်ဘွဲ့ရထားသော လူငယ် လည်း မူလကတည်းကသင်္ဘော လိုင်းဘက်သင်တန်းတက်မည်ဆိုပါက ရေကြောင်းအရာရှိကြီး ဖြစ်နေလောက်ကြောင်း၊ ဘဝရေလိုက်မလွဲကြမှ မိမိဘဝမိမိတည်ဆောက်ရာတွင်လည်း ကြီးပွားမည်၊ တင့်တယ်မည်၊ ဂုဏ်သရေရှိမည်၊ မိမိအကျိုး တိုင်းပြည်အကျိုးပြည့်ဝစွာ သယ်ပိုးနိုင်ကြမည်ဖြစ်ကြောင်း၊ စာဖတ်သူလူငယ်များဘဝ ရေလိုက်လွဲခြင်းမဖြစ်စေရန် အချက်(၄)ချက်ကို လိုက်နာရန်လိုကြောင်း၊ (၁) မိမိဝါသနာ၊ မိမိအကြိုက်က ဘာလဲဆိုသည်ကို ပြတ်ပြတ်သားသားသိအောင် မိမိကိုယ်မိမိမေးပါ၊ မိမိဘာသာတွေးပါ၊ မိမိဘဝတွင် မိမိသည်ဇာတ်လိုက် ဖြစ်ကြောင်း၊ ဇာတ်ရံမဟုတ်သည်ကို မမေ့သင့်ပါကြောင်း၊ (၂)သိရပြီဆိုလျှင် မိမိဝါသနာပါတာကြိုက်တာလုပ်ပါ၊ သူများတွေလုပ်တာကြည့်ပြီး ရောယောင်နောက်လိုက် မလုပ်ပါနှင့်၊ (၃)လုပ်မိပြီဆိုလျှင် နောက်မဆုတ်ပါနဲ့၊ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်လုပ်ပါ၊ သင့်ထိပ်ရောက်မည်ဖြစ်ကြောင်း၊ (၄) လုပ်ရင်းကိုင်ရင်း တိုးတက်သည် ထက်တိုးတက်ရေး အစဉ်ကြိုးပမ်းပါ၊ ဇွဲစိတ်မွေးပါ၊ ထိပ်ရောက်ရမည်ဟု သန္နိဋ္ဌာန်ချထားပါ၊ ဘဝတွင် အောင်မြင်သွားသော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည့် အမေရိကန်နိုင်ငံ၏ သမ္မတကြီး အီဗရာဟင်လင် ကွန်းပြောသော စကားအား လက်ဆောင်ပါးပါရစေ၊ “ I will study and prepare myself and then some day my chance will com” အချက်လေးကို လိုက်နာခြင်းဖြင့် စာဖတ်သူလူငယ်များ ဘဝရေလိုက် လွဲခြင်းမဖြစ်နိုင်ကြောင်း ရဲရဲကြီး အာမခံပါကြောင်း၊ ရေလိုက်မလွဲလျှင် ဘဝခရီးချောမွေ့မည်ဖြစ်ကြောင်း၊ လုပ်ပါ၊ရဲရဲဝံ့ဝံ့သာလုပ်ပါ၊ သင်အောင်မြင်မည်ဖြစ်ကြောင်းနှင့် စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ပြန်/ဆက်)