သထုံ ဧပြီ ၃
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းတို့ကို ပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောရာတွင် သထုံခရိုင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲကျော်က ကလေးသူငယ်၏ အသက်အရွယ်အပိုင်းအခြားနှင့် ကလေးအလုပ်သမား၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ တည်ဆဲဥပဒေအရ ကလေးအလုပ်သမားခိုင်းစေခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ၊ အလုပ်ရုံအလုပ်ဌာနများအနေဖြင့် ကလေးအလုပ်သမား အသုံးပြုခြင်းနှင့်စပ်လျဉ်း၍ သိရှိထားရမည့်အချက်များ၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနအနေဖြင့် ကလေးအလုပ်သမား ကင်းစင်ရေးဆောင်ရွက်နေမှုများ စသည်တို့ကို ရှင်းလင်းဆွေးနွေးဟောပြောရာ တက်ရောက်လာသူတို့က သိလိုသည်တို့ကို မေးမြန်းခဲ့ကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူတို့က သထုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ နံရံကပ်စာစောင်များ၊ ရာသီဉတုပြောင်းလဲခြင်းနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ မြေစိုက်ပြဘုတ်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)