ရန်ကုန် ဧပြီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်)တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း နေရပ်ဒေသအသီးသီးသို့ ခွင့်ပြန်ခြင်းမရှိသော ကျောင်းသား၊ ကျောင်းသူများအား ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း၊ အဘိဓမ္မာသင်တန်း၊ အင်္ဂလိပ်သဒ္ဒါသင်တန်း၊ အခြေခံ ကွန်ပျူတာသင်တန်း၊ ရုံးလုပ်ငန်းနှင့် ခေါင်းဆောင်မှုပညာသင်တန်းအစရှိသည့် သင်တန်းများဖွင့်ပွဲ အခမ်းအနားကို ဧပြီလ(၁)ရက်နေ့ မွန်းလွဲပိုင်းအချိန်က အဆိုပါ ကျောင်းဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် ဒီဂရီကောလိပ်(ရန်ကုန်)မှ ကျောင်းအုပ်ကြီးက နွေရာသီအားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အကျင့်စာရိတ္တကောင်းမွန်ပြီး ပညာထူးချွန်သူများ ဖြစ်လာစေရန်၊ လက်တွေ့အသုံးချဘာသာ ရပ်များနှင့်အတူ ဗဟုသုတရစေပြီး အတတ်ပညာများ တိုးပွားစေရန်နှင့် နောင်တစ်ချိန် နိုင်ငံတော်၏တာဝန်များ ထမ်းဆောင်ချိန်တွင် ဘက်စုံတော်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပေးကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အခမ်းအနားသို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက် ကြပြီး သင်တန်းများအား ဧပြီလ(၁) ရက်နေ့မှ မေလ (၁၀) ရက်နေ့ထိ ရက်သတ္တပတ်(၆) ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူမောင်မောင်(ပြန်/ဆက်)