မုဒုံမြို့၌ လူငယ်များစဥ်းစားတွေးခေါ်မှုမြင့်မားစေရန် စစ်တုရင်သင်တန်းဖွင့်လှစ်

မုဒုံ     ဧပြီ     ၂

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး စစ်တုရင်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မိုးမိုးစန္ဒာထွန်းက  ကျောင်းသား/သူ လူငယ်လူရွယ်များ  နွေရာသီကျောင်းပိတ်ရက်များတွင်  အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စစ်တုရင်ကစားခြင်းဖြင့်  ဦးနှောက်နှင့်ကိုယ်ပိုင်ဉာဏ်ကိုမြင့်မား​စေပြီး နည်းစနစ်တကျ တွေးခေါ်မြော်မြင်မှု စွမ်းရည်ကိုလည်း များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စစ်တုရင်ဆပ်ကော်မတီမှ ဦးထင်ကျော်က သင်တန်းတွင်လိုက်နာရမည့် စည်းကမ်းချက်များနှင့် လေ့ကျင့်ပျိုးထောင်ရမည့် အားကစားစိတ်ဓာတ်အကြောင်းများကို ပြောကြားသည်။

အဆိုပါ သင်တန်းကို နှစ်ရက်ကြာဖြင့်  နည်းပြဆရာ ၂ ဦးမှ သင်ကြားပို့ချသွားမည်ဖြစ်ရာ  ကျောင်းသား/သူ ၁၄ ဦးတက်ရောက်လျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)