ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင်  စာအုပ်စာဖတ်ဝိုင်းပြုလုပ်

ကျောက်ဆည် ဧပြီ  ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်ဆည်မြို့နယ်စာရေးဆရာအသင်းနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၁)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနတွင်၊ စာရေးဆရာမခင်စောတင့်ရေးသားသည့် “ခက်ခဲကျပ်တည်းသောအချိန်မှာ စိတ်ချမ်းမြေ့စရာ” စာအုပ် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ကျောက်ဆည်မြို့နယ် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးကျော်သန်း(မောင်ခိုင်ကျော်-ကျောက်ဆည်)က ကျောင်းသား၊ ကျောင်းသူများအတွက် လက်ခံအသိအမှတ်ပြုခြင်း၊ အကျပ်အတည်းများကို အောင်နိုင်ခြင်း၊ မိမိကိုယ်ကိုကျေနပ်နှစ်သက်ခြင်း၊ မိမိကိုယ်ကိုတန်ဖိုးထားကြရန်၊ အခက်အခဲများကိုကျော်ဖြတ်ခြင်းသည် ပျော်ရွှင်ခြင်း၏အရေးပါမှုပင် ဖြစ်ကြောင်းကို ဆွေးနွေး ခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စာဖတ်ရှိန် မြင့်မားစေရေးနှင့် ကျောင်းသား/ကျောင်းသူများ၊ အတွေးအမြင်များဖလှယ်နိုင်ရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှုပိုမိုရရှိရေး၊ စာဖတ်ဝိုင်းများ ကျင်းပရခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး  ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)