မိတ္ထီလာ ဧပြီ ၂
မိတ္ထီလာမြို့နယ် သီတက္ကန်(မြောက်)ကျေးရွာမှ ထွက်ရှိသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ကာလအကြို အတာအိုးများ ယမန်နှစ်ကထက် ပိုမိုရောင်းအားကောင်းလျက်ရှိကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူ တစ်ဉီးထံမှ သိရသည်။
သီးတက္ကန်(မြောက်)ကျေးရွာမှ ဒေသခံကျေးလက်နေပြည်သူများက မိရိုးဖလာလုပ်ငန်းဖြစ်သည့် အိုးလုပ်ငန်းကို ကျေးရွာရှိ အိမ်ထောင်စု ၅၀ ကျော်က အဓိကလုပ်ကိုင်ကြပြီး စိုက်ပျိုးသီးနှံများ ရိတ်သိမ်းပြီးစီးချိန်တွင် အိုးလုပ်ငန်းကို ပိုမိုလုပ်ကိုင်လျက်ရှိသည်။ အိုးလုပ်ငန်းလုပ်ကိုင်ရာတွင် သောက်ရေအိုး၊ ဘုရားပန်းအိုး၊ ဆွမ်းလောင်းအိုး၊ ပန်းစိုက်အိုး၊ စလောင်ဖုံး၊ ဆီမီးခွက်၊ အတာအိုး၊ ထန်းမြေအိုးများကို အဓိကလုပ်ကိုင်လျက်ရှိရာမှ နှစ်စဉ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကာလအတွင်း အတာအိုးများရောင်းချနိုင်ရေး သင်္ကြန်ကာလ မရောက်မီ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် အတာအိုးများကို ကြိုတင်၍ ပြုလုပ်ရောင်းချလျက်ရှိကြသည်။
ယခင်က အတာအိုးများကို မိတ္ထီလာ၊ မလှိုင်၊ တောင်သာ၊ မြင်းခြံ၊ သာစည်မြို့နယ်များမှ အိုးကုန် သည်များက ကျေးရွာအရောက် ဝယ်ယူလျက်ရှိကြရာ ယခုနှစ်တွင် တောင်ပေါ်ဒေသများဖြစ်သည့် တောင်ကြီး၊ ကလော၊ အောင်ပန်း၊ ရွာငံ၊ ပင်းတယ၊ ဟဲဟိုးမြို့နယ်များရှိ အိုးကုန်သည်များက အတားအိုး တစ်လုံးကို ငွေကျပ် ၃၀၀ နှုန်းဖြင့် ကျေးရွာအရောက် လာရောက်ဝယ်ယူလျက်ရှိသည်။ ယင်းသို့ ကျေးရွာ အရောက် ဝယ်ယူလျက်ရှိသောကြောင့် အိုးလုပ်ငန်းလုပ်ကိုင်သူများမှာ နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဆောင်ရွက်ကြသော်လည်း ဝယ်ယူသူများသည့်အတွက် အတာအိုးများကို ကြိုတင်မှာယူရသည့်အထိ ရောင်းအားကောင်းလျက်ရှိသည့်အတွက် အဆိုပါ အတာအိုးလုပ်ငန်းကို သီးတက္ကန်(မြောက်)ကျေးရွာ သာမက အနီးအနားကျေးရွာများကပါ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)