ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၁)နှစ်မှ(၅)နှစ်အရွယ် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းကို Catch-Up နည်းလမ်းဖြင့် စတင်ဆောင်ရွက်

ဒဂုံမြောက် ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အသက်(၁)နှစ်မှ(၅)နှစ်အရွယ်ကလေးငယ်များကို Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သတ်မှတ်နေရာများတွင် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းဆောင်ရွက်ရာတွင် အသက်(၁)နှစ်မှ (၅)နှစ်အရွယ်ကလေးများအနက် ကာကွယ်ဆေးအကြိမ်ပြည့်မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှမရရှိသေးသော ကလေးငယ်များအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်မူမူမြင့်နှင့်ဝန်ထမ်းများက ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေးစသည်တို့ကို ထိုးနှံတိုက်ကျွေးပေးခြင်းဖြစ်‌ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးခြင်း လုပ်ငန်းများကို လစဉ်လဆန်း  ပထမအပတ်နှင့်  အပတ်စဉ် ကြာသပတေးနေ့တိုင်း ထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပြည်သူများနှင့်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်း၊ သောက်သုံးရေများအတွင်း အဘိတ်ဆေးခတ်ခြင်းစသည့်လုပ်ငန်းများနှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်‌ ပေးလျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ရီ