ကျောက်ဆည်မြို့နယ် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲ လက်မှတ်နှင့် မဲရုံသုံးပစ္စည်းများ ကွင်းဆင်းထုတ်ပေး

ကျောက်ဆည်  နိုဝင်ဘာ        ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရပ်ကွက်/ကျေးရွာများမှ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေး မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များမှမဲဆန္ဒနယ်မြေအလိုက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများသို့ ဆန္ဒမဲလက်မှတ်နှင့် မဲရုံသုံးပစ္စည်းများအား ယမန်နေ့ညနေ  ၃ နာရီက ကွင်းဆင်း ထုတ်ပေးခဲ့ ကြောင်းသိရသည်။

အဆိုပါဆန္ဒမဲလက်မှတ်နှင့် မဲရုံသုံးပစ္စည်းများထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင် များက အဖွဲ့(၆)ဖွဲ့ခွဲကာမိမိတို့တာဝန်ကျသည့် မဲဆန္ဒနယ်မြေအလိုက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ဆန္ဒမဲလက်မှတ်နှင့်မဲရုံသုံးပစ္စည်းများထုတ်ပေးခဲ့ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈၇)အုပ်စုကျေးရွာပေါင်း(၂၂၃) ရှိပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၉၈၀၇၄)ဦးရှိရာ ဆန္ဒမဲလက်မှတ်နှင့်မဲရုံသုံးပစ္စည်းများကို မဲဆန္ဒနယ်မြေအမှတ်(၁) အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် ဦးသန်းရွှေနှင့်အဖွဲ့ဝင်များ၊ မဲဆန္ဒနယ်မြေအမှတ်(၂) အတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်ဒေါ်ယုယုဝင်းနှင့် အဖွဲ့ဝင်များကမဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေး အတွက် ဆန္ဒမဲလက်မှတ်နှင့်မဲရုံသုံးပစ္စည်းများကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကွင်းဆင်းထုတ်ပေးခဲ့ကြောင်းသိရသည်။

 

တင်တင်ထွေး(ခရိုင်ပြန်/ဆက်)