ကျောက်ဆည်မြို့နယ်တွင် သံပယိုသီးများ ဈေးကောင်းသဖြင့် ခူးဆွတ်ရောင်းချနေရသည့် သံယို စိုက်ခင်းပိုင်ရှင်များ အဆင်ပြေ

ကျောက်ဆည် ဧပြီ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိထားစိုက်ပျိုးကြပြီး ဥယျာဉ်ခြံမြေနှင့်ကိုင်း/ကျွန်းမြေများတွင် ကာလတို/ကာလရှည် သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ သံပယိုသီးများ ဈေးကောင်းသဖြင့် ခူးဆွတ်ရောင်းချနေရသည့်  သံပယိုစိုက်ခင်းပိုင်ရှင်များ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သံပယိုသီးနှံသည် မျိုးစေ့ပျိုးပင်စိုက်ပျိုးခြင်း၊ ကိုင်းကူးပျိုးပင်စိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးရှိပြီး စိုက်ပျိုးမည်ဆိုပါက သန်မာသည့်ပျိုးပင်များရွေးချယ်ကာ အသီးအထွက်နှုန်းကောင်းမွန်စေရန်၊ နေရောင်ခြည်နှင့်လေဝင်လေထွက်ကောင်းရန်၊ တစ်ပင်နှင့်တစ်ပင်(၁၈)ပေအကွာ အကွက်ချ၍ အတန်းလိုက်စိုက်ပျိုးရကြောင်း၊ သံပယိုသီးနှံသည် နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်ပြီး ရေ၊မြေကောင်းပြီး အပင်အပြုအစု ကောင်းပါက နှစ်ပတ်လည်အသီးများသီးကြောင်းနှင့် ရောင်းချရာတွင် အသီးအထွက်နှုန်းနှင့် ဈေးကွက်အပေါ်မူတည်၍ ခူးဆွတ်ရောင်းကြောင်း သံပယိုသီးစိုက်ပျိုးရောင်းချသူများထံမှ သိရသည်။

သံပယိုသီးနှံစိုက်ပျိုးခြင်းများနှင့်ပတ်သတ်၍ တစ်နှစ်သားအရွယ် သံပယိုပျိုးပင်တစ်ပင်အား ငွေ(၅၀၀)ကျပ်ဖြင့် ဝယ်ယူပြီး အပင်(၁၀၀) အား မိသားစုတစ်နိုင်တစ်ပိုင်အဖြစ် စိုက်ပျိုးထားရာ သုံးနှစ်သားအရွယ်တွင် စတင်ခူးခွတ်ရောင်းချရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် တစ်ပင်လျှင်တစ်လုံးနှုန်းဖြင့် ရောင်းတန်းဝင်အသီး(၅၀၀)လုံး နေ့စဉ်ခူးဆွတ်ရောင်းချရကြောင်း၊ အပင်ငယ်ချိန်တွင် ပေါင်းမြက်ရှင်းလင်းခြင်း၊ မလိုအပ်သည့် သစ်ကိုင်းအခြောက်များဖယ်ရှားရှင်လင်းခြင်းများ ဆောင်ရွက်ပေးရပြီး ရေကြိုက်နှစ်သက်သည့်အတွက် အစိုဓာတ်မပြတ်စေရေသွင်းပေးရကြောင်း လိုအပ်သည့်အချိန်တွင် အသီး၊ အပွင့်၊ အကင်းတင်ဆေးနှင့် မြေဩဇာကျွေးပေးခြင်းများ ပြုလုပ်ပေးပါက အသီးသီးနှုန်း ပိုမိုကောင်းမွန်ကြောင်း ကင်းတုံကျေးရွာမှ သံပယိုခြံပိုင်ရှင် ဒေါ်ခင်းမြင့်နွယ်က ပြောပြသည်။

သက်မောင်(ကျောက်ဆည်)