မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ပြင်ဦးလွင်မြို့နယ် ကော်ဖီစီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ချမ်းအေးသာစံ ဧပြီ ၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကော်ဖီစီမံကိန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့်ဌာနများမှ တိုင်းဦးစီးမှူးများ၊ ပြင်ဦးလွင်ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါအစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်က ပြင်ဦးလွင်ဒေသအတွင်း၌ ကော်ဖီနှင့် ဒေသထွက်ကုန်ပစ္စည်းများကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေပါကြောင်း၊ ပြင်ဦးလွင်ဒေသနှင့်ကိုက်ညီမှုရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကိုအထောက်အကူပြုသည့် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင်နှင့် ပြင်ဦးလွင်မြို့အား ကော်ဖီမြို့တော်ဖြစ်စေရေး ရည်မှန်းချက်ထားကာ အကောင်အထည်ဖော် ဆောင်ရွက်နေပါကြောင်း၊ ကော်ဖီလုပ်ငန်းများ အတွက်ဖော်ဆောင်ပေးထားသည့် ကော်ဖီစီမံကိန်းမြေနေရာများတွင် ကော်ဖီစိုက်ပျိုးမှုများတိုးတက်စေရေး၊ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီဖြစ်စေရေး စီမံခန့်ခွဲရေးနည်းလမ်းများအရ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို သတ်မှတ်ကာလအတွင်း ပြီးစီးရေး သက်ဆိုင်ရာဌာနများက စနစ်တကျ ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်၏မူဝါဒများနှင့်အညီ ရည်မှန်းချက်များအား အောင်မြင်အောင် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

၎င်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန၊ တိုင်းဒေသကြီး သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး  ပြည်တွင်းအခွန်များဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများက ကော်ဖီစီမံကိန်းမြေနေရာများနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေသည့် ကဏ္ဍများအလိုက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်