ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)အား မြို့နယ်ဘဏ်ခွဲအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနား တက်ရောက်ဖွင့်လှစ်

ကွန်ဟိန်း ဧပြီ ၂

ကွန်ဟိန်းမြို့နယ်အတွင်းရှိ ပြည်သူများအား ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေးနိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)အား မြို့နယ်ဘဏ်ခွဲအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့စီးပွားရေးဘဏ်၊ ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းမှ ကွန်ဟိန်းမြို့နယ် ဘဏ်ခွဲနှင့်ပတ်သက်သည့် သမိုင်းကြောင်းနှင့် ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများအား အကျဉ်းချုပ် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့မိ/မြို့ဖ ဦးစိုင်းနုမှ ကွန်ဟိန်းမြို့ မြန်မာ့စီးပွားရေးဘဏ်(ငွေတိုက်ခွဲ)မှ မြို့နယ်ဘဏ်ခွဲအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်ပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်‌ပြောကြားပြီး မြန်မာ့စီးပွားရေးဘဏ်အကြောင်းနှင့်ပတ်သက်သည့် မှတ်တမ်းဗီဒီယိုအား Projector ဖြင့် ပြသခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကွန်ဟိန်းမြို့နယ်ဘဏ်ခွဲဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ စစ်ဗျူဟာ(အခြေချ)ကွန်ဟိန်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရေပက်ဖျန်းခြင်းနှင့် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ စစ်ဗျူဟာ(အခြေချ)ကွန်ဟိန်း စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်း၊ နမ့်စန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိ/မြို့ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)