စဉ့်ကူး ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မူလတန်းကြိုကျောင်း ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းစံရွှေက သင်တန်းဆင်းအမှာစကားပြောပြီး မူလတန်းကြိုကျောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မူလတန်းကြိုကျောင်းမှ ကျောင်းသားကျောင်းသူလေးများက စုပေါင်း ကဗျာရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ ပညာသင်နှစ်ပြီးမြောက်ကြောင်း လက်မှတ်များကို မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျောင်းသား ကျောင်းသူလေးများထံ ပေးအပ်ခဲ့သည်။
ထို့နောက် ကလေးငယ်များအား ဉာဏ်စမ်းမေးခွန်းများမေးမြန်းခဲ့ပြီး ဉာဏ်စမ်းဖြေဆိုမှုတွင် ဆုရရှိသူများနှင့် ပညာသင်နှစ်အတွင်း ဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်ဇင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦးတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကာ အလှူရှင်များက အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား ကျောင်းသူလေးများက အက ပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်ဇင်၊ အတွင်းရေးမှူး ရဲမှူး ဇော်နီချစ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းစံရွှေနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
တင်ဇာလွင် (ပြန်/ ဆက်)