သာကေတမြို့နယ်စာရေးဆရာအသင်း ဒုတိယအကြိမ် သက်ကြီးပူဇော်၊ စာပေဗိမာန်စာမူဆု ထပ်ဆင့်ဂုဏ်ပြု

သာကေတ ဧပြီ ၂

သာကေတမြို့နယ် စာရေးဆရာအသင်း ဒုတိယအကြိမ်သက်ကြီးပူဇော်ပွဲနှင့်စာပေဗိမာန်စာမူ ဆုရ ဆရာမအင်ကြင်းမေအား ထပ်ဆင့်ဂုဏ်ပြုခြင်း အခမ်းအနားကို မတ်လ(၃၁)ရက်နေ့ နံနက် (၇:၀၀) နာရီက သာကေတမြို့နယ် ၆/အနောက်ရပ်ကွက် ၊ ဇမ္ဗူသီရိလမ်းမကြီးရှိ ဇမ္ဗူ့ပညာစာကြည့်တိုက် ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ သာကေတမြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဆရာ​​မြေလတ်မြတ်သူက အဖွင့်မုဒိတာစကားပြောကြားပြီး ဆရာအောင်သျှင်သူ(မဟာမြေ) (သာကေတမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌဟောင်း၊ ကွယ်လွန်)ရေးသားသည့် ပူဇော်ဂုဏ်ပြုရတုပိုဒ်စုံဖြင့် စာရေးဆရာမ စိန်မေရီလွင်မိုးက ရွတ်ဖတ်ပူဇော်သည်။ ထို့နောက် အသက် ၇၅ နှစ်အထက် သာကေတမြို့နယ် စာရေးဆရာအသင်းဝင် ကန်တော့ခံ ဆရာကြီး (၁၃) ဦးအား ကန်တော့ရာ ဆရာမ ရွှေယဥ်နုဦးဆောင်၍ ကန်တော့ချိုးဖြင့် ပူဇော် ကန်တော့ခဲ့ကြသည်။ ယင်းနောက် ကန်တော့ခံဆရာကြီး (၁၃) ဦးအား တစ်ဦးလျှင် ငွေကျပ် (၅၅၀၀၀)စီနှင့် ကျွန်းမြသာမဂ္ဂဇင်း အမှတ် (၈) တို့ကို တစ်အုပ်စီ လှူဒါန်းကန်တော့ခဲ့ကြသည်။ ယင်းနောက် ကန်တော့ခံဆရာကြီး သိင်္ခသူ၊ ဆရာကြီးရွှေမင်းသား၊ ဆရာကြီး တောင်စွန်းအောင်သန်း၊ ဆရာကြီး ဓမ္မာစရိယ ဦးထွန်းလွင်တို့က မုဒိတာစကားများ ပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ (၂၀၂၂) ခုနှစ် စာပေဗိမာန်စာမူဆု ၊ ကလေးစာပေ (ကဗျာ) ဒုတိယဆု ရရှိသော  ဆရာမအင်ကြင်းမေအား သာကေတမြို့နယ် စာရေးဆရာအသင်းမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေကျပ် (၂) သိန်းကို အသင်းဥက္ကဋ္ဌ ဆရာကြီး မြေလတ်မြတ်သူက အသင်းကိုယ်စား ပေးအပ်ရာ ဆရာမ အင်ကြင်းမေက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)