မင်္ဂလာဒုံမြို့နယ်တွင် "စာဖတ်ခြင်းအလေ့အကျင့်ပျိုးထောင်ပါ" ခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်

မင်္ဂလာဒုံ ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်စွမ်းရည်များ ပိုမိုမြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ သပြေညိုပညာဒါနအကျိုး ဆောင်အသင်းမှ ဦးစီးဖွင့်လှစ်ထားသော ပညာဒါနအခမဲ့သင်တန်းရှိ သင်တန်းသူ၊ သင်တန်းသားများအား "စာဖတ်ခြင်းအလေ့အကျင့်ပျိုးထောင်ပါ" ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို သပြေညိုမင်္ဂလာခန်းမ (ထောက်ကြန့်) တွင် ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ သပြေညိုပညာဒါနအကျိုး ဆောင်အသင်းဥက္ကဋ္ဌ ဦးတင်ညွန့်က ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းထွန်းအောင်က "စာဖတ်ခြင်းအလေ့အကျင့်ပျိုးထောင်ပါ" ခေါင်းစဉ်ဖြင့်ဟောပြောရာတွင် "လူငယ်များအနေဖြင့် အားလပ်ချိန်မှာစာဖတ်ကြပါ၊ စာမဖတ်သည့်သူသည် အကန်းဘဝရောက်တတ်ပြီး၊ စာမဖတ်ရင်လူစင်မမှီတဲ့ ဘဝရောက်တတ်ကြောင်း၊ မည်မျှပင်အဆင့်မြင့်ဘွဲ့ဒီဂရီများ ရရ၊ မည်မျှပင် အဆင့်မြင့်ရာထူး ကိုင်ထား ကိုင်ထား၊ မည်မျှပင် ကျိကျိတတ် ချမ်းသာ ချမ်းသာ၊ စာပေအဟာရ လုံလောက်စွာ ဖြည့်မထားလျှင် အတွေးအခေါ် အယူအဆများသည် အဆင့်မမှီပဲ၊ အများနှင့်စကားပြောသည့်အခါတွင် အကျိုးအကြောင်း မဆီလျော်ဘဲ ဆုံးဖြတ်ချက်ချရန် တွေဝေနေလိမ့်မည်၊လူတစ်ယောက်၏ ဘဝတိုးတက်ရေးမှာ စာဖတ်ခြင်းက "ခွန်အား" ဖြစ်ကြောင်း၊ မိမိရောက်သည့် နေရာတိုင်းတွင် လူငယ်၊ လူကြီးတိုင်း စာဖတ်ရန်တိုက်တွန်းပါ။ ခေတ်ရေစီးကြောင်းဟာ အမြဲတိုးတတ်ပြောင်းလဲနေပါကြောင်း၊ လူများသည်လည်း တိုးတတ်ပြောင်းလဲနေရန်လိုကြောင်း၊ မိမိဘဝကိုတွန်းအားပေးပြီး တိုးတက်ပြောင်းလဲစေမည့် အရာတစ်ခုမှာ စာဖတ်ခြင်းသာဖြစ်ပါကြောင်း၊ ရှင်သန်နေသည့်ကာလတွင် အနီးဆုံးမှာရှိပေးနိုင်ပြီး ခွန်အားပေးနိုင်သောအရာသည် စာအုပ်စာပေပင်ဖြစ်ကြောင်း" စသည်ဖြင့် အကျယ်တဝင့် ဟောပြောခဲ့သည်။

ထို့နောက် လူငယ်များအနေဖြင့် အားလပ်ချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရန်၊ စာပေ၏ တန်ဖိုးကို သိနားလည်စေရန်၊ လူ့ဘဝတကွေ့ခွန်အားဖြစ်စေနိုင်သည့် စာအုပ်စာပေမွန်များကို ဖတ်ရှုကြရန်လိုကြောင်း၊ စာပေ၏အနှစ်သာရများကို သိသာထင်ရှားအောင် ထည့်သွင်းဟောပြောခဲ့သည်မှာ လူငယ်များအတွက် အထောက်အကူပြုစေပါကြောင်း သပြေညိုပညာဒါနအကျိုးဆောင်အသင်းအတွင်းရေးမှူး ဦးနေဆန်းက ပြောကြားခဲ့သည်။

ဌေးလင်း